တာမွေမြို့နယ်ရှိ ဟိုတယ်အချို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး

ဂန္ဒမာ(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဟိုတယ်အချို့ကို ယမန်နေ့ နိုဝင်ဘာ ၂၇ ရက် ည ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က အင်အားသုံး ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြေပြင်ကင်းထောက်များနှင့် ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်နှင့် ကျောက်မြောင်းရပ်ကွက်ရှိ ဟိုတယ်များအား လိုက်လံ စစ်ဆေးခြင်းဖြစ်ကြောင်း ဆိုသည်။

“မနေ့က မေတ္တာညွန့်ရပ်ကွက် စက်မှုလက်မှုဘက်က ဟိုတယ်တွေစစ်တာ၊ တိုက်ရိုက်လာစစ်တော့ ဘာကြောင့်စစ်လဲ မသိဘူး။ အဲ့အချိန် အရပ်ဝတ်တွေနဲ့လည်း ညဘက်ကင်းလှည့်တဲ့သူတွေကလည်းရှိတယ်” ဟု ယမန်နေ့ညက စစ်ဆေးမှုအကြောင်းကို တာမွေ၊ မေတ္တာညွန့်ရပ်ကွက်နေ ဒေသခံတဦးက ပြောသည်။

ထိုသို့စစ်ဆေးရာတွင် စစ်ကားအသေး နှစ်စီး၊ ရဲကားတစီးနှင့် စစ်ကောင်စီလက်အောက်ခံ ဆယ်ဦးအထက် ပါဝင်ကြောင်း ဒေသခံထံက သိရသည်။

အဆိုပါစစ်ဆေးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရမှု ရှိ၊ မရှိ နောက်ဆက်တွဲသတင်းများ ကြားသိရခြင်းမရှိပေ။

အလားတူ ကျောက်မြောင်း၊ သြဘာလမ်းရှိ ဟိုတယ်တခုကိုလည်း ဝင်ရောက်စစ်ဆေးကြောင်း တာမွေမြို့နယ် မြေပြင်ကင်းထောက်က ဆိုသည်။

“ဧည့်စစ်ရင် တရပ်ကွက်ထဲစစ်မှာပါ၊ အခုက မေတ္တာညွန့်ကလည်းသပ်သပ်၊ ကျောက်မြောင်း သြဘာလမ်းကလည်းသပ်သပ်၊ သတင်းတခုခုရလို့ လိုက်စစ်တဲ့သဘောရှိတယ်။ ထူးခြားတာကတော့ ဟိုတယ်နာမည်တွေရဲ့နောက်မှာ ဂဏန်းပါတဲ့ ဟိုတယ်တွေပဲဝင်စစ်သွားတာပါ” ဟု ၎င်းကဆိုသည်။

မဇ္ဈိမအနေဖြင့် စစ်ကောင်စီတပ်၏ တာမွေမြို့နယ်ရှိ ဟိုတယ်များအား ဝင်ရောက်စစ်ဆေးမှုနှင့်ပတ်သက်၍ အခြားမြို့နယ်များတွင်လည်း အလားတူဖြစ်စဉ်ရှိမရှိ အတည်ပြုရာ

“တာမွေပဲစစ်တယ်၊ တခြားနေရာတွေတော့ မကြားမိဘူး။ မြို့နယ်အကုန်စစ်တယ်လို့ကို မကြားမိဘူး” ဟု Rangoon Scout Network(RSN) မှ တာဝန်ရှိသူက အတည်ပြုသည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးခဲ့သော ဟိုတယ်အချို့မှာ မေတ္တာညွန့်ရပ်ကွက် စက်မှု (၃)လမ်းရှိ Hotel 72 ၊ စက်မှု (၁)လမ်းရှိ Hotel 23 နှင့် ကျောက်မြောင်းကြီးရပ်ကွက်၊ သြဘာလမ်းရှိ Hotel 588 တို့ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)