PDF နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသော မော်လူး မြို့မဈေးမီးလောင်၊ ဆိုင်ခန်းပေါင်း၂၀၀ ကျော် ပျက်စီး

ဇန်နဝါရီလ ၂၄ရက်တွင် မော်လူးမြို့မဈေး မီးလောင်မှုမြင်ကွင်း / ဓာတ်ပုံ။ ။ Indaw Revolutuon

ပုံအညွှန်း။ ။ ဇန်နဝါရီလ ၂၄ရက်တွင် မော်လူးမြို့မဈေး မီးလောင်မှုမြင်ကွင်း / ဓာတ်ပုံ။ ။ Indaw Revolutuon

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မဈေး မီးလောင်မှုတွင် ဆိုင်ခန်းပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဝင်တဦးထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် မော်လူးမြို့မစျေး မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ခြင်းပြီး နှစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ အစည်းအဝေးလုပ်ကြမှာပါ။ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ မြို့မိမြို့ဖတွေက ဆိုင်ခန်းဘယ်လောက်လောင်သွားတယ်၊ နောက်ပြီးတော့ တန်ဖိုးဘယ်လောက်ထိ ပါသွားတယ်ဆိုတာကို စာရင်းကောက်ရမှာ။ ခန်းမှန်းခြေကတော့ ဆိုင်းခန်း ၃၀၀ ကျော်ရှိတာ။ သုံးပုံနှစ်ပုံလောက်တော့ မီးထဲပါသွားတယ်လို့ သိရတယ်” ဟု ပအဖ အဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

အဆိုပါ မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

“မီးလောင်သွားတဲ့ ဆိုင်ခန်းပေါင်းကတော့ များပါတယ်။ အတိအကျတော့ မပြောတတ်ဘူးရှင့်။ ဒေသခံတွေ ထိခိုက်ဒဏ်ရာရသွားတာမျိုး မရှိဘူး။ မီးငြိမ်းရာမှာလည်း ရေပုံးတွေလက်ဆင့်ကမ်းပြီးတော့မှလေ လူတန်းအရှည်ကြီးနဲ့ တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီးတော့ ဝင်ငြိမ်းကြတယ်၊ ဒဏ်ရာရတာတော့ မရှိဘူးရှင့်၊ မီးငြိမ်းတာကတော့ သုံးနာရီလောက် ငြိမ်းလိုက်ရတာရှင့် “ ဟု ဒေသခံအမျိုးသမီးက ဆိုသည်။

မော်လူးမြို့မဈေးမီးလောင်မှုသည် လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်တာကနေ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနေဦးသိရှိထားရပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။

မြို့မဈေး အတွင်းပိုင်းမှ စတင်ကာ မီးလောင်ကျွမ်းခြင်းဖြစ်၍ မီးသတ်ကားရောက်လာသော်လည်း စျေးအတွင်းထဲသို့ မလာနိုင်ဘဲ အပြင်ဘက်မှသာ မီးငြိမ်းသတ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မီးလောင်သွားသော ဆိုင်ခန်းအများစုသည် အထည်ဆိုင်များဖြစ်သဖြင့် မီးလောင်မှုအားကောင်းခဲ့ပြီး အချို့ပစ္စည်းများကို အပြင်ဘက်သို့ ရွေ့ပေးနိုင်ခဲ့သော်လည်း အများစုမှာ မီးလောင်သွားခဲ့ကြောင်းလည်း ဆိုသည်။

မော်လူးမြို့သည် KIA၊ ABSDF နှင့် PDF ၊ ဒေသခံ ပကဖများ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိအချိန်ထိ ထိန်းချုပ်ထားသော မြို့ဖြစ်သည်။

စာတည်း။ ။ နောင်နောင်