လေးကေ့ကော်မြို့သစ်ရှိ လူမနေထိုင်သည့်နေအိမ်များကို BGFမိသားစုဝင်များ နေထိုင်မည်ဆို၍ ဒေသခံများစိုးရိမ်

ပုံဟောင်း

သွင်ထူးဈာန်

ကော်သူလေး(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့ လေးကေ့ကော်မြို့သစ်အတွင်း လူမနေထိုင်သည့်နေအိမ်များကို ကရင်နယ်ခြားစောင့်တပ်(BGF)မိသားစုဝင်များ နေထိုင်မည်ဆိုသည့်သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဒေသခံများစိုးရိမ်နေကြောင်း လေးကေ့ကော်မြို့သစ် ဒေသခံများထံမှသိရသည်။

ယင်းမြို့သစ်အတွင်း ကရင်နယ်ခြားစောင့်တပ်(BGF)မိသားစုဝင်များမှ ရပ်ကွက်(၆)အတွင်းနေထိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ဗိုလ်တင်ဝင်းအဖွဲ့က ၅ရက်နေ့က လက်နက်အပြည့်အစုံနဲ့ ဝင်လာတယ်။ ရပ်ကွက်(၁)နဲ့ (၂)တို့မှာ မနေချင်ဘူး။ ရပ်ကွက်(၆)ကို ကြိုက်တယ်တဲ့၊ သူတို့က ပြန့်ပြီးမနေဘူး၊ စုပြီးတော့နေမယ်လို့ကြားတယ်၊ ဗိုလ်တင်ဝင်းရဲ့တပည့်က သူတို့ကြိုက်တဲ့အိမ်ကို အဖွဲ့အမည်တွေ ကပ်သွားကျတယ် “ဟု ရပ်ကွက်(၆)နေ ဒေသခံတဦးထံမှ သိရသည်။

ကရင်နယ်ခြားစောင့်တပ်(BGF)မိသားစုဝင်များမှ လူမနေသည့်နေအိမ်များတွင် နေထိုင်မည်ဖြစ်ပြီး ၎င်းတို့ နေထိုင်မည်ဆိုပါက ဒေသခံများ မနေရဲကြောင်း ဒေသခံများမှပြောသည်။

“ရပ်ကွက်မှူးက သူတို့(BGF)နှစ်လပဲ စစ်ရှောင်ပြီးနေမယ်လို့ ပြောပေမယ့် ပြန်ကြားတာက အပြီးနေမယ် ပြန်မပေးဘူးလို့လဲကြားတယ်၊ တချို့ကြားတာက အရင်ကပေါက်ဈေးအတိုင်းပေးမယ်လို့လည်း ကြားတယ် “ဟု စစ်ရှောင်နေသူတဦးမှ ပြောသည်။

၎င်းတို့ BGFတပ်ဖွဲ့ဝင်များမှ ရပ်ကွက်(၆)ရှိ မြက်များကို မီးရှို့ရာမှ ရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိုင်းများပေါက်ကွဲခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လေးကေ့ကော်မြို့သစ်တာဝန်ခံကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်ရာ ဖြေကြားလို့မရသေးကြောင်း ငြင်းဆိုခဲ့သည်။

လေးကေ့ကော်မြို့သစ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းကြောင့် နယ်မြေခံ ကရင်လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ရသည်။

အဆိုတိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် လေးကေ့ကော်ဒေသခံများသည့် နေရပ်မပြန်နိုင်သေးသည့်အတွက် ၎င်းတို့ နေအိမ်များကို ကရင်နယ်ခြားစောင့်တပ်(BGF)မှ သိမ်းယူနေထိုင်သွားမည်ကို စိုးရိမ်နေကြသည်။

“မနေ့ကဘဲ အိမ်ထောင်စုစာရင်းတွေပေးရတယ်၊ စာရင်းပေးထားတဲ့ အိမ်သန့်ရှင်းရေးလုပ်ထားရင် လူမတင်ဘူးလို့ကြားတယ်။ ၁၅ရက်နေ့ သူတို့(BGF)မိသားစုတွေ လာနေမယ်လို့ပြောသံကြားနေတယ်”ဟု မဲဆောက်ရောက်နေသည့် စစ်ရှောင်တဦးမှပြောသည်။

လေးကေ့ကော်မြို့သစ်မှ စစ်ရှောင်များသည် ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးစစ်ရှောင်စခန်းများနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့တွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေရသည်မှာ နှစ်နှစ်ကျော် ကာလရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်အတွင်း ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင်တို့နှင့် စစ်ကောင်စီ၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ တွေ့ဆုံခဲ့ပြီး ကရင်နယ်ခြားစောင့်တပ်(BGF)တို့က စစ်ကောင်စီလက်အောက်မှာ မနေတော့ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)ဗိုလ်မှူးချုပ်စောချစ်သူက မီဒီယာများကို ဖြေဆိုထားသည်။

ယင်းနောက် ကရင်နယ်ခြားစောင့်တပ်(BGF)တို့က စစ်ကောင်စီနှင့် ပူးတွဲထိုင်ထားသည့် တပ်စခန်းအချို့ကို ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)