အယ်နီညိုကာလတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာ

ဧပြီလ ၂ ရက်နေ့တွင် ရိုက်ကူးထားသော ရန်ကုန်မြို့တနေရာမြင်ကွင်း (Photo- AFP)

001

(မဇ္ဈိမ) ။ ။ ပူပြင်းခြောက်သွေ့သော အစွန်းရောက် အယ်နီညို ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားနေသည့်ကာလတွင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အပါအဝင် နိုင်ငံအတွင်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ ပိုများလာခဲ့သည်။

နေပြည်တော်တွင် ယခုရက်ပိုင်းအတွင်း နေ့ခင်းအချိန်များတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ကြုံတွေ့လာရပြီး ရန်ကုန်၊ မန္တလေးတို့တွင်လည်း ပုံမှန်မီးပေးရမည့် သတ်မှတ်ချိန်များတွင်ပါ လျှပ်စစ်မီးမရရှိမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။

”လာတဲ့အချိန်လာ၊ ပျက်တဲ့အချိန်ပျက် အဲ့ဒီလိုမျိုးလည်း မဟုတ်ဘူး။ ညဘက်ဆိုလည်းပျက်၊ ရာသီဥတုက ပူရတဲ့ကြားထဲ နေ့ခင်းဘက်တွေဆိုလည်း ဒီလိုပဲ ပျက်တာပဲ” ဟု ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

ထိုသို့ အပူရှိန် ပြင်းထန်ချိန် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လူငယ်များထက် သက်ကြီးပိုင်းနှင့် ကလေးသူငယ်များအနေဖြင့် ပိုမို ဒဏ်ခံရပြီး အပူရှပ်မှုများလည်း ဖြစ်ပွားနေကြောင်း ၎င်းက ပြောသည်။

“မီးကမလာ၊ ပူကပူ ခြင်ကကိုက်ဆိုတော့ လူကြီးပိုင်းတွေပိုဆိုးတာတာပေါ့။ လူကြီးပိုင်းတွေ တော်တော်များများဆို အသက်အန္တရာယ်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြတာပေါ့။ အန်တီတို့အမေ အသက် ၈၈ နှစ်၊ အဲ့တာ ညနေဆို လေးနာရီကျော်မှာ ရေချိုးတယ်။ ပူတော့ ဒဏ်မခံနိုင်တော့ တော်ကြာနေချိုးပြန်၊ ရေချိုးမယ်ဆိုပြီး ဝင်သွားပြန် ရေချိုးပြန် အဲ့ဒီလိုမျိုးဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ထို့ပြင် အပူချိန်ပြင်းထန်မှုကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုများအထိ ဖြစ်ပွားနေသည့် မန္တလေးမြို့တွင်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ ဆိုးရွားနေကာ ၁၅ မိနစ်ခန့်သာ မီးလာပြီး မီးပျက်ချိန် ၃ ၊ ၄နာရီခန့်အထိ ကြာမြင့်တတ်ကြောင်း ရှိတတ်ကြောင်း မဏီစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးကပြောသည်။

“ကိုယ့်အိမ်နဲ့ကိုယ်တို့ သစ်ပင်အောက်တို့ အဲ့ဒီလိုတွေနေရတာပဲ။ မီးပေးရမယ့်အချိန်လည်းမပေးဘူး။ မပေးရမယ့်အချိန်လည်းပေးတယ်။ ပေးပြီး ခဏနဲ့ ပျက်သွားတယ်” ဟု မဏီစလ လူမှုကူညီရေးအသင်းက ပြောသည်။

ရာသီဥတုအပူဒဏ်ကြောင့် မန္တလေးမြို့တွင် ဧပြီလအတွင်း အသက် ၃၀ ကျော်မှ အသက် ၆၀ ကျော်ဝန်းကျင်ရှိသူ လူဦးရေ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ချောက်၊ ညောင်ဦး၊ စစ်ကိုင်း၊ တံတားဦး၊ တောင်တွင်းကြီး၊ မန္တလေး၊ ဇောင်းတူတို့တွင် အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်မှ ၄၃ ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ်အထိ အမြင့်ဆုံး အပူချိန်စံချိန်သစ်ရောက်ရှိခဲ့ကြောင်း သိရသည်။

ယခုမေလအတွင်းတွင်မူ အားအနည်းငယ်ရှိသည့် အယ်လ်နီညို အခြေအနေမှ ပုံမှန်နှစ်တနှစ်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီက ခန့်မှန်း ထားသည်။

လက်ရှိ ပုဂံညောင်ဦးဒေသတွင်မူ အပူချိန်ဆက်လက်ပြင်းထန်လျက်ရှိပြီး နေ့လယ်နေ့ခင်း သွားလာသူပင် မရှိတော့ကြောင်း ဒေသခံတဦးက ပြောသည်။

ထိုသို့ ရာသီဥတု ပူပြင်းနေချိန်တွင်လည်း လျှပ်စစ်မီးရရှိမှုသည် ၂၄ နာရီတွင် တနာရီ သို့မဟုတ် လေးနာရီခန့်သာ မီးရရှိသည့်အတွက် ချက်ရေးပြုတ်ရေး တို့တွင် ထင်းကိုသာ အားကိုးနေကြရသည်။

“အမှန်တကယ်ကတော့ ထင်းကတော့ ကျွန်တော်တို့ မသုံးသင့်ဘူး။ ဒီသစ်ပင်တွေလှဲလိုက် ခုတ်လိုက်နဲ့ကြောင့် ဒီလို အပူရှိန်ကလည်း မြင့်တက်လာတာကိုး။ ကျွန်တော်တို့အထင်ကတော့ ဒီထင်းတွေသုံးတာတွေကလည်း မကောင်းဘူးဗျ။ ဒီထင်းတွေသုံးလို့လည်း အပူချိန်မြင့်တက်တာတွေ မြန်မာနိုင်ငံအလယ်ပိုင်းက ဖြစ်နေတာကိုး။ ဒီသစ်ပင်တွေကို မခုတ်ဘဲထားမှ မိုးလေဝသက မှန်မှာဆိုပေမယ့် မီးက မမှန်တော့လည်း ထင်းတွေခုတ်ကြတာပေါ့ဗျာ” ဟု ညောင်ဦး ဒေသခံတဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားပေးနိုင်မှု လျော့နည်းလာပြီး မြို့များတွင် အချိန်ပိုင်းဖြင့် အလှည့်ကျမီးပေးစနစ်ကိုသာ ကျင့်သုံးလာရသည်။

အယ်နီညို ကာလ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ပတ်သက်ပြီး ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်ပေါ်သွားသဖြင့် ယာယီဓာတ်အား ပြတ်တောက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်