အကျဉ်းထောင်ကနေ ပေးတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့စာမှာ အဟောင်းသာဖြစ်

ZZ

(မဇ္ဈိမ)။ ။ နေပြည်တော်အကျဉ်းထောင်ထဲကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေဆီကို ပေးတဲ့ ပေးစာဆိုပြီး လက်ရေးစာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။

မိုးမိုးမွန်ဆိုတဲ့ အကောင့်ပိုင်ရှင်တစ်ဦးက We Love Dr. Sa Sa ဆိုတဲ့ ဖေ့စ်ဘုတ်ဂရုမှာ ဧပြီ ၂၄ ရက်နေ့က “နေပြည်တော်အကျဥ်းထာင်မှ ပါးလိုက်တဲ့..အမေစု ရဲ့ အမှာစကား စာတစ်စောင်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးထားပြီး ပုံတစ်ပုံနဲ့အတူ ဖြန့်ဝေ ခဲ့ပါတယ်။ ဒီဖြန့်ဝေမှုမှာ ဘယ်တုန်းက ရေးသားခဲ့တယ် ဆိုတာမျိုး ရေးသားထားခြင်း မရှိပါဘူး။

စာထဲမှာတော့ “ကိုယ်ထူကိုယ်ထဖို့လိုနေတဲ့ နိုင်ငံတော်ပါ။ နိုင်ငံသူ နိုင်ငံသားတိုင်းအားလုံး တစ်ဦးခြင်း အင်အားပြည့်ဖို့ လုပ်ဆောင်ပေးနေတာကို ဝမ်းသာအားရပါတယ်။ အောင်ဆန်းစုကြည်” လို့ ရေးသားထားပါတယ်။

ဒီပို့စ်ကို ကြိုက်နှစ်သက်သူ ၂,၆၀၀၊ မှတ်ချက်ပေးသူ ၉၅ ဦးနဲ့ ပြန်လည်မျှဝေသူ ၂၀၀ ကျော်ရှိခဲ့သလို အခြားသော အကောင့်တွေ စာမျက်နှာတွေကလဲ ပြန်လည်ကူးယူဖော်ပြရေးသားထားကြပါသေးတယ်။

မဇ္ဈိမ အချက်အလက် စစ်ဆေးသူတွေကနေ ပုံထဲမှာပါတဲ့ စာသားအတိုင်း ရှာဖွေတဲ့အခါမှာ ပုံဟောင်းဖြစ်နေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ ဒေါ်မိချိုသဲရဲ့ ဖေ့စ်ဘုတ်အကောင့်မှာလဲ ၂၀၂၀ခုနှစ် ဧပြီ ၅ ရက်နေ့မှာ အဲ့ဒီစာသားပါပုံကို ဖြန့်ဝေထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
လင့် – https://shorturl.at/kESV9

ဒါ့အပြင် ၂၀၂၀ခုနှစ် ဧပြီ ၅ ရက်နေ့မှာပဲ ညီညီဆိုတဲ့အကောင့်ပိုင်ရှင်က အဆိုပါစာသားပုံကို မျှဝေထားပြီး ပို့စ်အောက်ဆုံး နားမှာတော့ ဦးညီညီ MP ကို credit ပေးထားပါသေးတယ်။
လင့် – https://shorturl.at/orGHK

အခြားသော လူမှုကွန်ရက်အသုံးပြုသူတွေကြား ဒီစာဟာ နှစ်တိုင်းလိုလို ပျံ့နှံ့ခဲ့သလို ထိုင်းသတင်း ဝက်ဘ်ဆိုဒ်တစ်ခုကနေလဲ ဒီပုံနဲ့ပတ်သက်ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှာပဲ သတင်းရေးသား ဖော်ပြထားတာကိုတွေ့ရပါတယ်။
လင့် – https://archive.ph/9pU3i

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်အကျဉ်းထောင်ကနေ ပြည်သူတွေကို အမှာစာပေးတယ် ဆိုတာဟာ လတ်တလောမှာ ရေးသားခဲ့တဲ့စာမဟုတ်ဘဲ ၂၀၂၀ခုနှစ်က ရေးသားခဲ့တဲ့စာအဟောင်းကို ပြန်လည်ဖြန့်ဝေနေတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ရာသီဥတု အခြေအနေကြောင့် နေပြည်တော်အကျဉ်းထောင်မှာ မထားရှိတော့ဘဲ နေရာပြောင်းရွှေ့ ချုပ်နှောင်ထားတယ်လို့ ဧပြီ ၁၆ ရက်နေ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနတွေကို ဖြေဆိုထားတယ်လို့ မြန်မာနောင်း သတင်းဌာန ရဲ့ ဖော်ပြချက်အရသိရပါတယ်။
လင့် – https://archive.ph/oHAc9

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။