ဖားကန့်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်၊ ပြည်သူ ၂ ဦး ထိခိုက်

ကချင် PDF တပ်ဖွဲ့ဝင်တဦးကို‌ တွေ့ရစဉ်

အဂမ်

(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိပ်မူကျေးရွာတွင် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တို့ ယမန်နေ့( မေလ ၁ရက်)ည ၆ နာရီနောက်ပိုင်း အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်က ဆိပ်မူကျေးရွာ၌ ဧပြီလ ၃၀ ရက်နေ့ လစာထုတ်ရန်လာသည့် ရဲတပ်ရင်း(၃၀)မှ ရဲသုံးဦး ပစ်ခတ်ခံရ၍ ဒုရဲအုပ် လင်းအောင်ကျော်ကို ဖားကန့် KPDF အဖွဲ့က ဖမ်းဆီးသွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြို့အတွင်း ပြည်သူများကို စစ်ဆေးခြင်းများပြုလုပ်လာခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ခဲ့သော စစ်ကောင်စီတပ်က ပြည်သူများ၏ ဆိုင်ကယ်၊ ကားနှင့် လက်ကိုင်ဖုန်းများကို အဓိက စစ်ဆေးခဲ့ပြီး၊ အရပ်သား သုံးဦးကိုလည်း မသင်္ကာမှုဖြင့် ဖမ်းဆီးသွားသည်။

ပြည်သူ သုံးဦး အဖမ်းခံရသည့်ညတွင် KIA က စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု နာရီပိုင်းအချို့ ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က ဒေသအခေါ် စမ်းသီတာကုန်းအပေါ်ပိုင်းရှိ လူနေအိမ်တလုံးပေါ် ကျရောက်ခဲ့ကာ ဒေသခံပြည်သူနှစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ခြင်းဖြစ်သည်။

“အုန်းခနဲဆိုပြီး အသံတော်တော်ကျယ်တယ်။ အိမ်ထိ ကျောက်ခဲတွေလွင့်လာတယ်။ အိမ်ကတော့ ပျက်စီးသွားတယ်။ အသိအစ်မတော့ ထိသွားတယ် ဒဏ်ရာတော်တော်များလို့ ကားနဲ့ဆေးရုံကို ခေါ်သွားတာတွေ့တယ်။” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်နက်ကြီးထိမှန်ခဲ့သူ အသက် ၃၅ နှစ်အရွယ် မအိမာဆိုသူနှင့် ကျန်တဦး (အမည်စုံစမ်းဆဲ)သည် ဒဏ်ရာအခြေအနေ စိုးရိမ်ရပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

အင်အား ၃၀ ခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် လမ်းသွားလမ်းလာများကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး လူငယ်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

စစ်ကောင်စီဖမ်းဆီးသွားသည့် အရပ်သား သုံးဦးသည် အသက် ၃၀ နဲ့ ၄၀ ကြားရှိသူတွေဖြစ်တယ်လို့ ဒေသခံများက အခိုင်အမာဆိုကြပေမယ့် မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)