ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက်

ပုံအညွှန်း-အာရက္ခတပ်တော်(AA)

ပုံအညွှန်း-အာရက္ခတပ်တော်(AA)

ဓါတု

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅) အပါအဝင် ခမရ(၅၅၁)နှင့် ခမရ(၅၆၅)တို့ကို အာရက္ခတပ်တော်(AA)မှသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေတပ်ပေါင်းစုံဖြင့် တန်ပြန်ခုခံနေသည့်ကြားမှ ယမန်နေ့(မေလ ၃ ရက်)နေ့က တပြိုင်တည်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တဦး က မဇ္စျိမကိုပြောသည်။

“မနေ့က တပြိုင်တည်းတိုက်ရင်းနဲ့သိမ်းတာ။ ရခိုင်ပြည်နယ်မှာ ဘူးသီးတောင်က စစ်ကောင်စီတပ်တွေ အများဆုံးပဲ” ဟု ၎င်းကပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)နှင့် စစ်တွေအခြေ စိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)လက်အောက်ခံ ခြေမြန်တပ်ရင်းနှင့် ခြေလျင်တပ်ရင်း ၁၁ ရင်း၊ အမြောက်တပ် (အမတ-၃၇၈)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၃)၊ (နခခ-၈)တို့ အထိုင်ချထားသည်။

ယင်းတို့အနက် ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင် ခမရ(၅၅၂) နှင့် ဧပြီလ ၅ ရက်တွင် ခမရ(၅၆၄) တို့ကို AA က သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ဘူးသီးတောင်ဒေသခံများထံမှအတည်ပြုနိုင်ရန် မဇ္စျိမကဆက်သွယ် သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍မရသေးပေ။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့နှင့် ဘူးသီးတောင်၊ မောင်တောမြို့တို့သည် စစ်ကောင် စီအတွက် နောက်ဆုံးခံတပ်မြို့များဖြစ်လာသည်ဟု ရခိုင်နိုင်ငံရေးအင်အားစုများကဆိုသည်။

ဘူးသီးတောင်မြို့တွင် စစ်ရေးတင်းမာနေသည့်အပြင် ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းကလည်း စစ်ကောင်စီ ကျောထောက်နောက်ခံပြုထားသည့် ARSA ၊ ARA ၊ RSO အဖွဲ့များက အရပ်သားနေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

ယင်းမီးရှို့ဖျက်ဆီးမှုတွင် နေအိမ် ၁,၅၀၀ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း Data for Myanmar က ယမန်နေ့ (မေလ ၃ ရက်)က ထုတ်ပြန်ထားသည်။

အဆိုပါအရေအတွက်သည် လက်လှမ်းမှီသလောက် အနီးစပ်ဆုံးခန့်မှန်းအတည်ပြုထားခြင်းဖြစ်ပြီး ယခု ထက်ပိုများနိုင်ကြောင်း Data for Myanmar ကဆိုထားသည်။

တောင်ကုန်းများထူထပ်သည့် ဘူးသီးတောင်မြို့သည် မေယုမြစ်ဖျားတွင်တည်ရှိ၍ သင်္ဘောဆိပ်မြို့လည်း ဖြစ်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ရှိ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ရမ်းဗြဲအပြင် ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော ချင်း ပြည်နယ် ပလက်ဝဒေသတို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

မြို့ကိုးမြို့ကို သိမ်းပိုက်ထားသော AA သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် နပခ ဌာချုပ်ရှိရာအမ်းမြို့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်းမှ သံတွဲမြို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စာတည်း။ ။စောဖေ