ကလေးမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ ၂ ဦးကို စစ်ကောင်စီသတ်ဖြတ် ၊ အမျိုးသမီး ၁ ဦး မိုင်းနင်းမိ၍ သေဆုံး

ပုံအညွှန်း။ ။ မေလ၂ရက်နေ့တွင် စစ်ကောင်စီတပ်မီးရှို့ထားသော ပြည်တော်သာရွာမြင်ကွင်း (ဓာတ်ပုံ။ ။ CJ)

ပုံအညွှန်း။ ။ မေလ၂ရက်နေ့တွင် စစ်ကောင်စီတပ်မီးရှို့ထားသော ပြည်တော်သာရွာမြင်ကွင်း (ဓာတ်ပုံ။ ။ CJ)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ပြည်တော်သာရွာ ဒေသခံ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်သွားပြီး အမျိုးသမီးတဦးလည်း မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ပြည်တော်သာရွာထဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားစဥ် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ရွာထဲ ကျန်ခဲ့သည့် ထိုအမျိုးသားနှစ်ဦးမှာ မေလ ၂ ရက်တွင် စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ဒေသခံက ဆိုသည်။

‌”အကုန်လုံးပြေးတဲ့အချိန်မှာ သူတို့က ကျန်ခဲ့ဝာာဗျ။ စစ်သားတွေက သူတို့ကို တွေ့တဲ့အချိန် ပစ်လိုက်တာ။ ” ဟု ပြည်တော်သာရွာသားတဦးက မဇ္စျိမကို ပြောသည်။

သေဆုံးသွားသူမှာ ကိုလာလ်ပူ(အသက်၃၀နှစ်)နှင့် ကိုဘာဘူ(အသက် ၄၀နှစ် ) ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ (မေလ ၃ ရက်) ကလည်း ပြည်တော်သာကျေးရွာအဝင်လမ်းတွင် မြေမြှုပ်မိုင်းနင်းမိ၍ ဒေါ်ဟောက်ကွမ်းမာန်(အသက်၃၀နှစ်) သည် ညာဘက်ခြေထောက်ပြတ်ကာ သွေးထွက်လွန်သေဆုံးသွားကြောင်း ဒေသခံထံက ပြောသည်။

နှစ်ဖက်တိုက်ပွဲသည် ဧပြီလ ၃၀ မှ မေလ ၂ ရက်အထိ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သည် ထိုရွာထဲတွင် တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။ ကလေး-လက်ပံချောင်းလမ်းမပေါ်ရှိ အိမ်ခြေ၁,၀၀၀ခန့်ရှိသော ပြည်တော်သာရွာလူနေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့နေပြီး အရေအတွက်ကို မသိရသေးကြောင်း ဒေသခံတဦးက ပြောသည်။

ထိုတိုက်ပွဲများကြောင့် ပြည်တော်သာရွာ အနီးတဝိုက်ရှိ ဆည်ကြီး၊ မော်စီ၊ ငှက်ပျောတော၊ ဟံသာ၊ ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ နန်းချောင်း၊ ညောင်တောနှင့် မိုင်နွဲစသည့် ကျေးရွာနေဒေသခံများသည် နီးစပ်ရာ တောတောင်၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး