နယ်စပ်ဖြတ်ကျော်ရာတွင် လိုအပ်သည့် UID ကတ် အမြန်ပြုလုပ်ကြေး ငွေကျပ် ၁၀၀,၀၀၀ အထိ မြဝတီတွင် တရားမဝင် စျေးပေါက်

ပုံအညွှန်း - မြဝတီမြို့နယ် လဝက ရုံးအတွင်း UID ကတ်လျှောက်ထားရန် ရောက်ရှိနေသူများအား တွေ့ရစဥ်

ပုံအညွှန်း – မြဝတီမြို့နယ် လဝက ရုံးအတွင်း UID ကတ်လျှောက်ထားရန် ရောက်ရှိနေသူများအား တွေ့ရစဥ်

မင်းထက်

(မဇ္စျိမ)။ ။ မြန်မာနိုင်ငံသားများ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်သွားလာရာတွင် လိုအပ်သည့် UID ကတ် အမြန်ပြုလုပ်ကြေးသည် ကရင်ပြည်နယ် ၊ မြဝတီမြို့တွင် ငွေကျပ် ၅၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ အထိ တရားမဝင် စျေးပေါက်နေကြောင်း ဒေသခံများထံက သိရသည်။

မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ အမှတ်(၁)တံတားမှတဆင့် ဖြတ်သန်းသွားလာရန် Unique Identify Number (UID)ကတ် လိုအပ်သည့်အတွက် ကတ်အမြန်ရရှိရေး ပွဲစားများနှင့် ချိတ်ဆက်ဆောင်ရွက်ကြသဖြင့် ထိုသို့ ပေါက်စျေးရှိနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြဝတီမြို့နယ် လဝက ရုံးတွင် UID ကတ်ကို မေလ ၁ ရက်မှ စတင်ပြုလုပ်နေပြီး ကတ်ရရှိရေး လျှောက်ထားသူ နေ့စဥ် ၁,၀၀၀ ရှိနေကြောင်း ဒေသခံက ပြောသည်။

ပုံအညွှန်း - မြဝတီမြို့နယ် လဝက ရုံးအတွင်း UID ကတ်လျှောက်ထားရန် ရောက်ရှိနေသူများအား တွေ့ရစဥ်

” ပွဲစားပေါ် မူတည်ပြီး စျေးမတူဘူး။ လဝက ရဲ့ မြို့နယ်မှူး ၊ ခရိုင်မှူးတွေဆီကို တိုက်ရိုက် ဝင်ထွက်လို့ရတဲ့ ပွဲစားတွေနဲ့ဆို မြန်တယ်။ ဒါပေမဲ့ အဲ့လိုပွဲစားဆိုရင် ပိုက်ဆံပိုပေးရတယ်”ဟု ၎င်းကဆိုသည်။

လဝကရုံးတွင် လျှောက်ထားပါက ၁၀ ရက်မှ ၁၄ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး ပွဲစားဖြင့်ဆက်သွယ်ကာ လျှောက်ပါက တရက်အတွင်း ရရှိသည်ဟု ငွေကျပ် ၁၀၀,၀၀၀ ပေးကာ UID ကတ်လျှောက်ထားခဲ့သူ တဦးက ပြောသည်။

ကတ်လျှောက်ရာတွင် လိုအပ်သည့် ကိုယ်ရေးအချက်အလက်ဖြည့်စာရွက် (ဖောင်) တစောင်လျှင် ငွေ ၅၀၀ ကျပ် ပေးဝယ်ရပြီး ဖောင်ဖြည့်ပြီးနောက် တိုကင်နံပါတ်ပါ စာရွက်ပြန်ရကြောင်း သိရသည်။ ထို တိုကင်စာရွက်တွင် UID ကတ် ထုတ်ပေးမည့် ရက်ချိန်းအား ရေးသားထားပြီး ကတ်ရရန် ၁၅ ရက်ဝန်းကျင်အထိ ကြာကြောင်း ကတ်လျှောက်ထားသူ နောက်တဦးကဆိုသည်

ပုံအညွှန်း - မြဝတီမြို့နယ် လဝက ရုံးအတွင်း UID ကတ်လျှောက်ထားရန် ရောက်ရှိနေသူများအား တွေ့ရစဥ်

“ပွဲစားကို ပိုက်ဆံပေးရင်တော့ တရက်တည်းနဲ့အပြီး UID ကတ်ရတယ်။ ဒီကတ်ရဖို့ကို ၁၀ ရက်ကျော်လောက် အချိန်ပေးပြီး မြဝတီမှာမစောင့်နိုင်တော့ ပွဲစားကို ပိုက်ဆံပေးပြီး လုပ်ကြတော့တာပေါ့။ UID ကတ်ရမှ ပြန်လာယူမယ်ဆိုပြီး မဲဆောက်ဘက်ကို အမြန်ပြန်ချင်တဲ့လူတွေကတော့ တိုကင်စာရွက်ပေါ်မှာ လဝက မှူးက တံဆိပ်တုံးထုပေးမှ အဲ့တာနဲ့ ပြန်လို့ရတယ်။ ဒါပေမဲ့ အဲ့ဒီတံဆိပ်တုံးကိုလည်း လူတိုင်းကိုထုမပေးဘူး”ဟု ပြောသည်။

မြဝတီ လဝက ရုံးတွင် UID ကတ်ထုတ်ပေးသည့် စက်လေးလုံးရှိပြီး တရက်လျင် လူ ၃၀၀ ကျော်အား UID ကတ် ထုတ်ပေးမည်ဟု လဝက ဝန်ထမ်းများက လျှောက်ထားသူများအား ပြောဆိုကြောင်း၊ နေ့စဥ် ညနေ ရုံးပိတ်ချိန် ၄ နာရီ ၃၀ မိနစ် မှ ည ၇ နာရီအထိ UID ပွဲစားများအား လဝက ရုံးဝန်ထမ်းများက ငွေကြေးယူကာ တရားမဝင် ဆောင်ရွက်ပေးနေကြောင်း မြဝတီဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပုံအညွှန်း - မြဝတီမြို့နယ် လဝက ရုံးအတွင်း UID ကတ်လျှောက်ထားရန် ရောက်ရှိနေသူများအား တွေ့ရစဥ်

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “သူတို့ထုတ်ပေးချင်ရင် မှတ်ပုံတင်ပြလိုက်တာနဲ့ ဓာတ်ပုံရိုက်၊ လက်ဗွေနှိပ်ပြီး ဒီကတ်ထုတ်ပေးလို့ရနေတာပဲ။ လာဘ်စားချင်လို့နဲ့ လူတွေ လွယ်လွယ်ကူကူ ထွက်လို့မရအောင်ကို တမင်လုပ်နေတာလို့မြင်တယ်”ဟု သုံးသပ်ပြောဆိုသည်။

မေလ ၁ ရက်မှစ၍ ဂဏန်း ၁၀ လုံးပါ UID ကတ်ပါရှိမှသာ နယ်စပ်ဖြတ်ကျော်ဂိတ်များမှတဆင့် တရုတ်၊ ထိုင်း၊ အိန္ဒိယတို့ကို ထွက်ခွာခွင့် ပြုတော့မည်ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့မှစ၍ စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

“ UID ကတ်ဆိုတာ စစ်တပ်က မြို့ပေါ်ရပ်ကွက်တွေမှာ မှတ်ပုံတင်ကို စမတ်ကတ်ပြောင်းလုပ်ရမယ်လို့ ပြောပြီး လုပ်ပေးနေတဲ့ကတ်နဲ့ အတူတူပါပဲ။ ထင်တာတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော်တွေ၊ ပြည်ပထွက်ခွာတဲ့လူတွေ၊ CDM တွေ ၊ တော်လှန်ရေးလုပ်လို့ ထွက်ပြေးနေရတဲ့ လူတွေကို ထိန်းချုပ်ချင်တာက တကြောင်း၊ နောက်တခုက UID ကတ်မှာ QR ကုတ်ပါတယ် အဲ့တော့ အောက်ခြေ စာမတတ်တဲ့ စစ်သားကအစ လူတယောက်ကို စစ်ဆေးမယ်ဆိုရင် UID ကတ်ကို ဖုန်းနဲ့ စကင်န် ဖတ်လိုက်တာနဲ့ ကိုယ်ရေးအချက်အလက် အကုန်ပေါ်လာမှာ။ အရင် မှတ်ပုံတင်အဟောင်းက အတုတွေလုပ်လို့ရတယ်။ အခုကတော့ လုံးဝလိမ်လို့မရအောင် ထိန်းချုပ်တဲ့ သဘောလို့ထင်တယ်။” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးကဆိုသည်။

နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်နှင့် အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ်ဖြင့် နေထိုင်ခွင့်ရသူ၊ အမြဲနေအခွန်ဆောင် နိုင်ငံခြားသားများစသည်တို့၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များကောက်ယူ၍ Database တွင်သိမ်းဆည်းပြီးနောက် ဂဏန်း (၁၀) လုံးပါဝင်သော UID ကတ်(အရပ်အခေါ် စမက်ကတ်) ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုကတ်ရရှိပြီးသူများအနက် ဥပဒေအရ နိုင်ငံသားအရည်အချင်းပြည့်မီသူများ အားလုံးကို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်ကတ်) ( National ID) ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၂၃ ခုနှစ် ဇွန်လ အတွင်းက ပြောကြားထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး