ထန်တလန်တွင် မိုးသီးများရွာချ၍ လူနေအိမ် ၆၀၀ နီးပါးပျက်စီးဟုဆို

ပုံအညွှန်း။ ။ မေလ၂ရက်နေ့တွင် ထန်တလန်မြို့နယ်၌ မိုးသီးများရွာချ၍ ပျက်စီးသွားသော လူနေအိမ်များမြင်ကွင်း
ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်တွင် မိုးသီးများရွာချမှုကြောင့် လူနေအိမ် ၆၀၀နီးပါးသည် အိမ်ခေါင်မိုးသွပ်ပြားများ ပေါက်ထွက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ၂ရက်နေ့ ည ၈နာရီမှစ၍ မိုးသက်လေပြင်းများတိုက်ခတ်ကာ မိုးသီးများရွာချမှုကြောင့် ထန်တလန်မြို့နယ် ဇနက်တောင်ကြော၊ ဗန်ဇာန် တောင်ကြော၊ ဗိုင်လာမ်တောင်ကြော၊ ခွာလိန်းတလန်တောင်ကြောတလျှောက်မှ ကျေးရွာလူနေအိမ်များ ပျက်စီးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။

“မိုးသီးအရွယ်အစားက ပုံမှန်ပါပဲ၊ ဒါပေမယ့် မိုးသီးက အရမ်းများတယ်။ညအချိန်မှာရွာတာဆိုတော့ နေအိမ်ပျက်စီးတဲ့ ဒေသခံတွေက စာသင်ကျောင်းတွေ ဘုရားကျောင်းတွေ၊ ဆွေမျိုးတွေရဲ့အိမ်တွေမှာ ညအိပ်ခဲ့ကြတယ်။ မနေ့ကနဲ့ ဒီနေ့တွေမှာ နေအိမ်ခေါင်မိုးတွေ ပြန်ပြင်ကြတာပါ။” ဟု ထန်တလန်ဒေသခံတဦးမှ မဇ္စျိမအားပြောသည်။

ထန်တလန်မြို့နယ် ဇနက်တောင်ကြောအတွင်း မိုးသီးကြောင့် စိမှုရွာတွင် ၃၅အိမ်၊ ထန်ဇန်ရွာ(A)တွင် ငါးအိမ်၊ ထန်ဇန်ရွာ(B)တွင် ၈၄အိမ်၊ ဖုန်ကရွာတွင် ၃၁အိမ်၊ဘုံခွါရွာတွင် သုံးအိမ်၊ လုံလဲရ်ရွာတွင်အိမ်ခြေ ၈၀ကျော် ၊ ရာလ်ပဲလ်ရွာ အိမ်ခြေ ၁၀ကျော်၊ ရွာခွါရွာ ၅၂အိမ် ၊ ရွာဘုံ ၁၈အိမ် ၊ ဘုံခွါရွာတွင် စစ်ဘေးရှောင်နေအိမ်များအပါအဝင် ၁၄၆အိမ် ပျက်စီးသွားကြောင်း လူနေအိမ်ပျက်စီးမှုစာရင်းပြုစုပေးနေသော ဒေသခံထံမှသိရသည်။

ဗိုင်လာမ်တောင်ကြောအတွင်းက ကျေးရွာများဖြစ်သည့် မွှန်လီပီးရွာတွင် ၂၂အိမ်၊ ဘုန်တလန်ရွာ ခုနစ်အိမ်၊ထောင်ရွတွင် ၁၀အိမ်နှင့် ဗန်ဇာန် တောင်ကြောရှိ ဗန်ဇန်ရွာတွင်အိမ်ခြေ ၃၀ကျော် ပျက်စီးသွားကြောင်း ၎င်းဒေသခံက ဆိုသည်။

အဆိုပါစာရင်းများသည် ထန်တလန်ဒေသခံတဦးမှ ကောက်ယူရရှိထားသောစာရင်းများဖြစ်ပြီး မြေပြင်တွင်ယခုစာရင်းထက် ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း၊ ခွာလိန်းတလန်တောင်ကြောတလျှောက်မှ ကျေးရွာများတွင်လည်း လူနေအိမ်ပျက်စီးမှုရှိပြီး ဆက်သွယ်ရေးဖုန်းလိုင်း ပြတ်တောက်နေသောကြောင့် စာရင်းအတိအကျမရသေးကြောင်း စာရင်းပြုစုသူက မဇ္စျိမကိုပြောသည်။

ထိုသို့မိုးသီးများရွာသည့်နေတွင် အချို့ရွာများတွင် ည ၉ နာရီမှ ၁၂ နာရီအထိနှင့် တချို့ရွာများတွင်မူ ည ၁၂နာရီမှ နံနက် လေးနာရီအထိ စသဖြင့် လေးနာရီခန့်ကြာ မိုးသက်လေပြင်းတိုက်ကာ မိုးသီးများရွာချခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)