ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီ တပ်စခန်းကို KIA သိမ်းပိုက်

ပုံအညွှန်း- ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီ ခလရ (၄၆)၏ ဗျူဟာစခန်း

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ် ခလရ (၄၆)၏ တပ်စခန်းကို KIAက ယနေ့ မေလ ၅ ရက် မနက်အစောပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA စစ်ရေးရုံး၏ သတင်းအချက်အလက်ရ သိရသည်။

မြစ်ကြီးနား – ပူတာအို လမ်းပိုင်းတွင် အရေးပါသည့် ထိုတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA)၏ တပ်မဟာ (၁) တပ်ရင်းက ပြီးခဲ့သည့် မတ်လ ၉ ရက်ကတည်းက ဝိုင်းဝန်းပိတ်ဆို့ထားရာမှ ယမန်နေ့ (မေလ ၄) ရက် တရက်လုံး ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညက စစ်ကောင်စီလေတပ်သည် ဆွမ်ပရာဘွမ်တပ်စခန်းမကျစေရန် လေကြောင်းပစ်ကူ အကြိမ်ရေများစွာ ပေးခဲ့ကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးပြီး ခလရ(၄၆) တပ်ရင်းမှူးကို ဖမ်းဆီးရမိထားကြောင်း KIA သတင်းအရင်းအမြစ်က ပြောသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

လက်ရှိတွင် စစ်ကောင်စီလေတပ်က လာရောက်ပစ်ခတ်နေသည့်အတွက် စခန်းကိုရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး