ကလေးတောင်ပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပုံအညွှန်း - ဒဏ်ရာရရှိသူများ ထောက်ပံ့ကူညီငွေပေးအပ်စဥ်(ဓါတ်ပုံ - ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ပုံအညွှန်း – ဒဏ်ရာရရှိသူများ ထောက်ပံ့ကူညီငွေပေးအပ်စဥ်(ဓါတ်ပုံ – ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ် သော လက်နက်ကြီးကျည် လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတဦးသေဆုံးကာ ကလေး ငယ်တဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ထားသည့် ကြံသာပျူစောထီးရွာမှ လက်နက်ကြီး ဖြင့် မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“အိမ်ပေါ်လက်နက်ကြီးကျည်ကျတာ အမျိုးသမီးက နောက်ကမှန်ပြီး ရှေ့ကပွင့်ထွက်သွားတယ်၊ သူ့ ယောကျာ်းက ခါးမှန်သွားတာ ဆေးကုနေရတယ်၊ အသက်မသေရင်တောင်မှ သာမန်လူလို လုပ်ကိုင်စားလို့ မလွယ်တော့ဘူး” ဟု တင်သားရွာခံက မဇ္စျိမကိုပြောသည်။

ပုံအညွှန်း - ဒဏ်ရာရရှိသူများ ထောက်ပံ့ကူညီငွေပေးအပ်စဥ်(ဓါတ်ပုံ - ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

လက်နက်ကြီးကျည်ထိမှန်၍ အသက် ၄၂ နှစ်အရွယ် ဒေါ်ယုယုအေးသေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသားနှင့် အတူ အသက်ခုနစ်လအရွယ်ကလေးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတဦးတို့ ဦးခေါင်းတွင် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

တင်သား အမှတ်(၂)ရက်ကွက်တွင်နေထိုင်သည့် သေဆုံးသူအမျိုးသမီးတွင် သားတဦး၊ သမီးတဦး ကျန် ရစ်ခဲ့ပြီး ၎င်းတို့သည် အမှတ်(၃)ရပ်ကွက်သို့ တိမ်းရှောင်နေထိုင်စဥ် လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံက ဆက်ပြောသည်။

လတ်တလောတွင် ၎င်းတို့ရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူသုံးဦးကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့ရေးမြို့နယ် တာဝန်ခံက ကျပ် ၅၀,၀၀၀ စီထောက်ပံ့ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပုံအညွှန်း - ဒဏ်ရာရရှိသူများ ထောက်ပံ့ကူညီငွေပေးအပ်စဥ်(ဓါတ်ပုံ - ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အစပ်ရှိ ကြံသာ၊ ကျောက်ပြုတ်၊ ဟံသာဝတီ၊ မြောက်ခင်ရန်း အစရှိသောရွာများမှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီအဖွဲ့ဝင်များသည် ပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တင်သားကျေးရွာတွင် နေအိမ် ၁,၈၀၀ ကျော်ခန့်ရှိပြီး ဒေသခံများစုမှာ ရှောင်တိမ်းနေကြပြီး အိမ်မွေး တိရိစ္ဆာန်ရှိသူများက အစာပြန်ကျွေး၍ နေထိုင်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ တိုက်ခိုက်သတ်ဖြတ် မှုကြောင့် ကလေးမြို့ပေါ်တွင် ၁၅ ဦး၊ မြောက်ပိုင်းတွင် ၃၀ ဦးနှင့် တောင်ပိုင်းတွင် ၃၅ ဦးသေဆုံးခဲ့ကြောင်း လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ