သတင်းအမှားနဲ့ အရာရာသတိပြုရမယ့် မေလ

ZZ

(မဇ္ဈိမ)။ ။ ပူပြင်းလှတဲ့ နွေရာသီလ တလ ဖြစ်တဲ့ မေလ ကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ ဒီမေလမှာလည်း ကျွန်မတို့ မဇ္ဈိမသတင်းဌာနကနေ ဘယ်လိုသတင်းအမှားတွေ ပျံ့နှံ့လာနိုင်ချေရှိလဲဆိုတာကို သုံးသပ် ဆွေးနွေတင်ပြပေးသွားပါမယ်။ ကျွန်မကတော့ ဂျူချန်းပါ။

လက်ရှိ မြန်မာနိုင်ငံအခြေအနေကို အရင်ဆုံးပြန်သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ လူငယ်တော်တော်များများ မြန်မာနိုင်ငံကနေ နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ခွာလာတာနေကြတာကို သတိပြုမိကြမှာပါ။ အကြောင်းအရင်းတွေထဲက အများဆုံးသက်ရောက်မှုကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပဲဖြစ်ပါတယ်။

ဒီဥပဒေထွက်ပေါ်လာပြီး နောက်ဆက်တွဲမှာ မြန်မာနိုင်ငံထဲက လူငယ်တွေဟာ စိုးရိမ်စိတ်တွေနဲ့ နေထိုင်ရတဲ့အချိန်မှာ ဒါနဲ့ ဆက်စပ်ပြီး ထွက်ပေါ်လာနိုင်ချေရှိတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ခေါ်နေတဲ့ အခြေအနေတွေအပြင်၊ ပြည်ပထွက်ဖို့အတွက် ပြင်ဆင်ချိန်မှာ ကြုံလာနိုင်တဲ့ လမ်းခရီး ပြည်ပထွက်ခွင့်၊ ပြည်ဝင်ခွင့်တွေနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အချက်အလက်နဲ့ တရားဝင်ကြေငြာချက်တွေ ထုတ်ပြန်ချက်တွေကို လေ့လာဖတ်ရှုဖို့နဲ့ သတင်းတု/မှားတွေကို သတိထားသင့်တဲ့အကြောင်းပြောပါရစေ။

တဆက်တည်း ရွှေ့ပြောင်းအလုပ်သမားတွေ များလာပြီး နိုင်ငံရပ်ခြားမှာ အလုပ်ရှာဖို့၊ နေထိုင်ဖို့ ဗီဇာတွေ အတွက် ကြိုးပမ်းရာမှာလည်း မှန်ကန်တဲ့ သူတွေကိုပဲ ရွှေးချယ်ကြဖို့နဲ့ လိမ်စားတာတွေ၊ သတင်းတုဖြန့်ပြီး ခြိမ်းခြောက်တာတွေ ရှိလာနိုင်တာကြောင့် သတိပြုသင့်ပါတယ်။
အချိန်ကုန်စရာမလိုပါဘူး၊ ရုံးတတ်ဖို့မလိုပါဘူး၊ ဖုန်းလေးတလုံး ရှိရုံနဲ့ ပိုက်ဆံဝင်ပါပြီ ဆိုတဲ့ ကြေငြာတွေကိုလည်း သတိထားသင့်ပါတယ်။

လာမယ့် မေ ၁၅ ရက်နေ့မှာတော့ ရခိုင်အမျိုးသားနေ့ကျရောက်မှာဖြစ်ပါတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်ခံထားရတဲ့ နေရာတွေလည်း ရှိနေပါတယ်။ သတင်းစီးဆင်းမှု နဲ့ မြေပြင်အချက်အလက်တွေ ရယူနိုင်မှု ခက်ခဲနေတာကြောင့် ဒါကို အခွင့်ကောင်းယူပြီး သတင်းတု/မှား တွေ ထွက်ပေါ်နေပါတယ်။

ဒီနောက်ပိုင်းမှာလည်း လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေလည်း ရှိနေတာကြောင့် အမျိုးသားညီညွှတ်ရေး အစိုးရ NUG ကနေလည်း လူမျိုးရေး ပဋိပက္ခတွေကို သတိထားဖို့အတွက် ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် မြန်မာအမျိုးသားရိုဟင်ဂျာကိုယ်စားပြုကော်မတီ (Rohingya Forcibly Displace Myanmar National Representative Committee)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မောင်ကျော်မြင့် ကလည်း ရိုဟင်ဂျာတွေအပေါ် ဒုတိယအကြိမ် လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေတာ တွေ့ရတယ်လို့ RFA ကို ဧပြီ ၂၈ ရက်နေ့မှာ ပြောထားပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေလည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေး အမုန်းတရား လှုံ့ဆော်တာတွေကို ခပ်စိပ်စိပ် ပြုလုပ်လာတာကြောင့် ဒီလို ထိလွယ်ရှလွယ် ပြဿနာတွေနဲ့ ပတ်သက်ပြီး သတိထားစရာပါ။

မြန်မာနိုင်ငံ တဝှမ်းက တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ရင်တော့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာဖော်ပြချက်တွေနဲ့ တိကျသေချာတဲ့ မြေပြင်က သတင်းအချက်အလက်တွေကိုသာ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။

မေလမှာ နောက်ထပ် သတိထားသင့်တဲ့ အကြောင်းအရာ တခုကတော့ သဘာဝဘေးအန္တရာယ်နဲ့အတူ ရာသီဥတုနဲ့ သက်ဆိုင်တဲ့အကြောင်းပါ။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ မေ ၁ ရက်နေ့က လေပြင်းတွေတိုက်ပြီး မိုးသည်းထန်စွာရွာခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမိုးရွာသွန်းမှုရဲ့အနောက်မှာတော့ ပုံအဟောင်းတွေ၊ အခြားနိုင်ငံကပုံတွေနဲ့ ရောပြီး သတင်း အမှားတွေလဲပျံ့လာနိုင်ပါတယ်။

ယခင် နှစ်တွေထဲက မြန်မာနိုင်ငံမှာ ထိခိုက်မှုအများဆုံး ဖြစ်ခဲ့တဲ့ နာဂစ် မုန်တိုင်းနဲ့ မိုခါ မုန်တိုင်းတို့ဟာ မေလထဲမှာပဲ ဖြစ်ပွားခဲ့တာပါ။ ဒီနှစ် မေလမှာလည်း မိုးလေဝသနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်လာနိုင်တာကြောင့် မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို တရားဝင် ထုတ်ပြန်ချက်တွေနဲ့ မှန်ကန်တိကျတဲ့ မီဒီယာတွေရဲ့ ဖော်ပြမှုတွေကို နားစွင့်ထားတာနဲ့ တပြိုင်နက် သတင်းတု/မှား တွေကို အထူး သတိထားကြဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီနွေနေပူပူမှာ မြန်မာပြည်သူပြည်သားတွေအားလုံး အပူမရှပ်ဖို့နဲ့ အပူဒဏ်ကြောင့် လူသေဆုံးမှုတွေရှိနိုင်တာကြောင့် သွားရေးလာရေးကအစ ဂရုစိုက်ကြဖို့ အသိပေး အပ်ပါတယ်။

အခုတင်ဆက်ပေးခဲ့တာကတော့ မေလအတွင်းမှာ ပျံ့နှံ့လာနိုင်ချေရှိတဲ့ သတင်းအမှားအကြောင်းအရာတွေနဲ့ ပြည်သူတွေ ငွေအလိမ်မခံရဖို့ သတိပြုကြနိုင်စေရန်အတွက် တင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။