စစ်ရေးကိစ္စများတွင် တရုတ်နှင့် ရုရှား နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်နေဟု အမေရိကန် ထောက်လှမ်းရေး ရှုမြင်

Photo:Getty Images

The Japan Times

ရုရှားနှင့် တရုတ်သည် ထိုင်ဝမ်အပေါ် ဖြစ်နိုင်ခြေရှိ ကျူးကျော်မှု အပါအဝင် စစ်ရေးကိစ္စများနှင့် ပတ်သက်၍ ပိုမို၍ နီးနီးကပ်ကပ် အတူတကွလုပ်ဆောင်လျက် ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိများက ချင့်တွက်အကဲဖြတ်သည်။ ယင်းအတွက်ကြောင့် ရုရှားနှင့် တရုတ် ညှိနှိုင်းဆောင်ရွက်လျက် တိုက်ခိုက်သည့် ဖြစ်တန်ခြေရှိ စိတ်မှန်းအနာဂတ် ဖြစ်နိုင်ခြေ တရပ်အပေါ် တန်ပြန်ရန် အမေရိကန်အစိုးရပိုင်းတွင် အစီအစဉ်ရေးဆွဲမှုအသစ် လုပ်ဆောင်စေရန် စေ့ဆော်နေသည်။

“တရုတ်နဲ့ ရုရှားဟာ ထိုင်ဝမ်နဲ့ ပတ်သက်လို့ အတူတကွ လေ့ကျင့်လုပ်ဆောင်နေတာကို ပထမဆုံးအကြိမ်အနေနဲ့ မိမိတို့ မြင်တွေ့ရသလို ဒါဟာ တရုတ်ဘက်က ရုရှားကို သူတို့နဲ့ အတူလုပ်ဆောင်စေဖို့ သေချာပေါက် ဆန္ဒရှိတဲ့ နေရာတခုဖြစ်တယ် ဆိုတာကို လက်ခံထားပါတယ်။ သူတို့ (တရုတ်နဲ့ ရုရှား) ဘာကြောင့် ဒီလို မလုပ်မှာလဲ ဆိုတာအတွက် အကြောင်းပြချက်တစုံတရာ မိမိတို့ မမြင်မိပါဘူး” ဟု အမေရိကန် အမျိုးသား ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး အက်ဗ်ရီလ် ဟိုင်းနက်စ်က မေလ ၂ ရက် ကွန်ဂရက်ကို ပြောသည်။

ဆိနိတ်အထက်လွှတ်တော် စစ်ဘက်ဆိုင်ရာ ကော်မတီ၏ ကြားနာမှုတခုအတွင်း ယင်းကဲ့သို့သော ဖြစ်နိုင်ခြေရှိ အနေအထားတခုနှင့်ပတ်သက်ပြီး တောင်ဒါကိုတာ မဲဆန္ဒနယ်မှ ရီပတ်ဘလစ်ကန် ဆိနိတ်တာ မိုက်ရောင်းစ်က ဟိုင်းနက်စ်ကို မေးမြန်းခြင်း ဖြစ်သည်။ ထို့ပြင် ယင်းကဲ့သို့သော ဖြစ်နိုင်ခြေ အခြေအနေတခုနှင့်ပတ်သက်ပြီး ပင်တဂွန်၏ အစီအစဉ်ရေးဆွဲမှုနှင့်ပတ်သက်၍လည်း ၎င်းက စစ်ဘက် ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲကို မေးမြန်းသည်။

“ရုရှားနဲ့ တရုတ် သေချာပေါက် ပူးပေါင်းဆောင်ရွက်မယ့် အနေအထားတခုမှာ မိမိတို့ရဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပိုမိုပြီး ပူပန်လာမိပြီး မိမိတို့ဟာ ဒါကို ထည့်တွက်ဖို့ လိုပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂျက်ဖရေး ကရူးစ်က ပြောသည်။

“အဓိကကတော့ အခြေခံအားဖြင့် တကယ်လို့ မိမိတို့ဟာ တနိုင်ငံနဲ့ ပဋိပက္ခတခု ဖြစ်ခဲ့မယ်ဆိုရင် မိမိတို့ဟာ နောက်ထပ်ဒုတိယ မျက်နှာစာတခုနဲ့ တွေ့ရဖို့ ဖြစ်နိုင်ခြေ ရှိပြီး ဒါက အစီအစဉ်ရေးဆွဲမှု၊ ပစ္စည်းကိရိယာပိုင်းနဲ့ လူ့စွမ်းအား လိုအပ်ချက်တွေအပေါ် သက်ရောက်စေပါတယ်” ဟု ရောင်းစ်က ပြောသည်။

“ဒါက ဖြစ်နိုင်ခြေ တခု ဆိုတာက မလွဲ ဧကန်ပါ” ဟု ဟိုင်းနက်စ်က ပြောသည်။ “ဒါက ဘယ်လောက် ဖြစ်နိုင်ခြေ ရှိသလဲ ဆိုတဲ့ မေးခွန်းအတွက်ကတော့ အခြေအနေအပေါ် မူတည်ပြီး ကွဲပြားမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

“နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နည်းပညာနဲ့ စသဖြင့် လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍတိုင်းမှာ ရုရှားနဲ့ တရုတ်အကြား အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်မှုပိုင်းမှာ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုတာကို မိမိတို့ရဲ့ ထောက်လှမ်းရေး အကဲဖြတ်ချက်တွေအရ ပြသနေတယ်” ဟု ဟိုင်းနက်စ်က ပြောသည်။