တရုတ် တရားရေး ဒု-ဝန်ကြီးဟောင်း စစ်ဆေးခံနေရ

တရုတ်တရားရေး ဒုတိယဝန်ကြီးဟောင်းဖြစ်ပြီး အင်တာပိုကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သူ လျူကျီကျင်/Photo:X

The HK Post:-

တရုတ်တရားရေး ဒုတိယဝန်ကြီးဟောင်းဖြစ်ပြီး အင်တာပိုကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သူ လျူကျီကျင် စုံစမ်းစစ်ဆေးခံနေရသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် အထွတ်အထိပ်သို့ ရောက်ရှိလာပြီဟု တရုတ်အရေး လေ့လာစောင့်ကြည့်သူများက ယူဆလျက်ရှိသည်။ ရှီကျင့်ဖျင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို မကြာမီကာလအတွင်း ရပ်ဆိုင်းဖွယ်မရှိကြောင်း အဆိုပါ ဖြစ်စဉ်က ဖော်ပြနေသည်။ 

အသက် ၆၀ အရွယ် လျူကို စည်းကမ်းနှင့် ဥပဒေများကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုသံသယဖြင့် စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ကွပ်ရေးအရ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်(CCDI) ၏ ဝက်ဘ်ဆိုက်တွင် အကျဉ်းချုပ် ထုတ်ပြန်ထားသည်။ ဥပဒေချိုးဖောက်မှုသံသယဆိုသည်မှာ အဂတိလိုက်စားမှုကို ရည်ရွယ်သည့်စကားရပ်ဖြစ်သည်။ လျူသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တရားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနများအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး တိုးမြှင့်လုပ်ဆောင်လျက်ရှိသောကြောင့် လျူကို စုံစမ်းစစ်ဆေးသည့် ဖြစ်စဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယင်းလုပ်ဆောင်ချက်ကို ဆန်ရင်းနာနာဖွပ်သည့်လုပ်ရပ်အဖြစ် ဖော်ပြလေ့ရှိသည်။ အဂတိလိုက်စားမှုတိုက်ရေးလှုပ်ရှားမှုသည် ၁၁ နှစ်တာကာလအတွင်းသို့ ရောက်ရှိလာချိန်တွင် ရှီကျင့်ဖျင်သည် ဝန်ကြီးအဆင့် အကြီးတန်းအရာရှိပေါင်း ရာနှင့်ချီ၍ ဖြုတ်ချခဲ့ပြီးဖြစ်သည်။

ကိန်းဂဏန်းအချက်အလက်များအရ CCDI ၏ စုံစမ်းစစ်ဆေးမှုများသည် ၂၀၂၄ ခုနှစ်တွင် ပြန်လည်မြင့်တက်လာဖွယ်ရှိသည်။ ယမန်နှစ်တွင် တရုတ်နိုင်ငံ၌ အဂတိလိုက်စားမှု‌တိုက်ဖျက်ရေး‌တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး CCDI သည် ထိပ်တန်းအရာရှိ ၄၅ ဦးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အကြား တရားရေးဝန်ကြီးဖြစ်ခဲ့သည့် တန်ယီကျွင်းအား ယခုလအတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးပြီးချင်း လျူကျီကျင်ကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။ လျူသည် တန်နှင့် သုံးနှစ်နီးပါး လက်တွဲလုပ်ကိုင်ခဲ့သည်။ လျူသည် တရားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တရားရေးဝန်ကြီးဖြစ်ခဲ့သူ ဖူကျန်းဟွာနှင့်လည်း လက်တွဲဆောင်ရွက်ခဲ့သည်။ ဖူကျန်းဟွာသည် ၂၀၂၁ ခုနှစ်တွင် အဂတိလိုက်စားမှုဖြင့် စွဲချက်တင်ခံခဲ့ရပြီး လာဘ်ပေးလာဘ်ယူမှုအပါအဝင် ယွမ်ငွေ ၁၁၇ သန်း တရားမဝင် လက်ခံရယူမှုဖြင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံခဲ့ရသည်။ 

လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ဒေါ်လာ ၆၃ ဘီလီယံ တန်ကြေးရှိ ဘဏ္ဍာရေးကဏ္ဍအပါအဝင် လုပ်ပိုင်ခွင့်ရှိပြီး ငွေကြေးအလုံးအရင်း ကိုင်တွယ်ရသည့် ဌာနများကို အဓိကထား ကိုင်တွယ်လျက်ရှိသည်။ တရုတ်ကို ငွေကြေးအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲရေး ရည်မှန်းချက်တွင် စည်းကမ်းကို တိတိကျကျ လိုက်နာရေးနှင့် ကြီးကြပ်ကွပ်ကဲရေးတို့ မရှိမဖြစ်လိုအပ်ကြောင်း ရှီကျင့်ဖျင်က ပါတီကေဒါများကို ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း စုံစမ်းစစ်ဆေးမှုပေါင်း ၂၀၀ နီးပါးပြုလုပ်ထားသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှု ၁၁ နှစ်တာကာလအတွင်း CCDI သည် အကြီးတန်းအရာရှိပေါင်း ၂၉၄ ယောက်ကို ရာထူးမှထုတ်ပယ်ထားသည်။ ၎င်းအရေအတွက်တွင် တရုတ်စစ်တပ်အတွင်းရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု အများအပြား ပါဝင်ခြင်းမရှိသေးပေ။