စစ်မှုပြန်ထမ်းရန် အသက်မီသေးသည့် အငြိမ်းစား စစ်တပ်အရာရှိ‌များ

မဇ္ဈိမ

နိုင်ငံတဝန်း တိုက်ပွဲများတွင် အရေးနိမ့်နေပြီး မြို့အများအပြားကိုလည်း လက်လွှတ်ထားရသည့် စစ်ကောင်စီသည် အသက် ၆၇ နှစ်အရွယ်ထက် မကျော်လွန်သော စစ်မှုထမ်းဟောင်းများကို အရန်တပ်ဖွဲ့ဝင်အဖြစ် ခေါ်ယူပြီး တပ်ထဲမှာ တာဝန်ပြန်ထမ်းခိုင်းရန် ပြင်ဆင်နေကြောင်း ပေါက်ကြားလာသော လျှို့ဝှက် ညွှန်ကြားစာအရ သိရသည်။

စစ်ရုံးချုပ်၏ ညွှန်ကြားစာအရ သက် ၆၇ နှစ်ရှိသော စစ်တပ်မှ မိမိဆန္ဒအလျောက် နှုတ်ထွက်သူ၊ သိုမဟုတ် အငြိမ်းစားယူထားသော အရာရှိ၊ စစ်သည်များအားလုံး အရန်တပ်ဖွဲ့ဝင် ဖြစ်လာမည်ဖြစ်ပြီး အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

“အရန်အင်အားထဲ အကျုံးဝင်တဲ့ စစ်မှုထမ်းဟောင်းတွေကို တပ်ဖွဲ့ဝင်အဖြစ် ပြန်စစ်မှုထမ်းရမယ်ဆိုတဲ့ သဘောပါ” ဟု CDM ‌ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ပြန်ဌာန်းသည့် အရန်တပ်ဖွဲ့ ဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက အတည်ပြု ပြဌာန်းခဲ့သည်။

မည်သည့်နေ့တွင် စတင်ခေါ်ယူမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း
အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းရာမှာ အသက် ၅၅ နှစ်အောက်ဆို လှုပ်ရှားစစ်ရေး တာဝန် (ရှေ့ တန်းစစ်မျက်နှာတွင်တာဝန်ထမ်းဆောင်ရန်)နှင့် အသက် ၅၅ နှစ်မှ ၆၇ ကြားဆို တပ်ဌာနချုပ်များ စစ်ဆင်ရေးခြေကုတ်စခန်းများနှင့် လုံခြုံရေးတာဝန်တို့ ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ပျက်ကွက်ပါက လက်ရှိခံစားခွင့်ရနေသော အငြိမ်းစားပင်စင်လစာကိုပါ ဆိုင်းငံ့မည်ဟု ညွှန်ကြားစာတွင် ပြောထားသည်။

စစ်မှုပြန်ထမ်းရန် အသက်မီသေးသည့် အငြိမ်းစား စစ်တပ်အရာရှိများ

ဘူးလက်လှဆွေ

စစ်တပ်တွင် ဒုဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသော ကြံခိုင်ရေးပါတီဝင် အမတ်ဟောင်း ဦးလှဆွေကို ဘူးလက်လှဆွေဟု လူသိများပြီး ၎င်း၏လက်ရှိအသက်မှာ ၆၃ နှစ်ဖြစ်သည်။

မင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းပြီးနောက် တည်ငြိမ်အောင်ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ၎င်းကိုအမြန်ဆုံးအာဏာလွှဲပေးရန်နှင့် ၎င်းအာဏာရပါက ဝန်ကြီးအဖွဲ့ကို မဘသအဖွဲ့များ၊ ကြံ့ဖွံ့အမာခံခေါင်းဆောင်များနှင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဘူးလက်လှဆွေက ပြောကြားခဲ့ဖူးသည်။

NLD လက်ထက် ၂၀၁၉ ခုနှစ် ဩဂုတ်၃ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင်ပြုလုပ်သော “စစ်တပ်အရာရှိများအား အမေရိကန်နိုင်ငံ၏ပိတ်ဆို့အရေးယူမှု အပေါ်ကန့်ကွက်ရှုတ်ချပွဲကြောင့်” ၂၀၂၀ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာတွင် ပြန်လွတ်လာသူ ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်

ကချင်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တနိုင်း ဒုတိယ ဒကစမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် လက်ရှိမှာ အသက် ၆၄ နှစ် ရှိပြီ ဖြစ်သည်။

DSA အပတ်စဥ် (၂၃) ဆင်းဖြစ်ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း) အပြင် စကခ(၉)တွင် ဌာနချုပ်မှူး အဖြစ်လည်းကောင်း၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ စစ်ဥပဒေချုပ် အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။

NLD အစိုးရ လက်ထက်တွင် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၂၁ ခုနှစ်နိုဝင်ဘာလမှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုအလုပ်မှု ဆောင်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီအဖွဲ့ဝင် တဦးလည်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ လက်ရှိအသက်မှာ ၆၅ နှစ်ဖြစ်သည်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့ မှ စတင်၍ ပြည်ထဲရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိကြောင်း နိုင်ငံရေးနှင့် တပ်အသိုင်းအဝိုင်းကြား နာမည်ကြီးသည်။

DSA အပတ်စဥ် (၂၂) ဆင်းဖြစ်ပြီး ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပြင် တပ်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ရဲထွဋ်၊ ရာပြည့်တို့နှင့် တပတ်စဥ်ထဲ ဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဖက်ရေးရာလုံခြုံရေး(စရဖ)အရာရှိချုပ်၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း)၊ ကစထ(၅)မှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လ၂၄ ရက်နေ့တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ဗိုလ်မှူးကြီးမောင်မြင့်

ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလုပ်သမားဝန်ကြီး နှင့်စက်မှုဝန်ကြီးများအဖြစ် ဆောင်ရွက်ခဲ့သည့် ဗိုလ်မှူးကြီးမောင်မြင့်သည် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲများတွင် မင်းကင်းမြို့နယ်ကိုယ်စားပြု၍ ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ပြီး နှစ်ကြိမ်ဆက်အနိုင်ရခဲ့သူ ဖြစ်သည်။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်မှု NLD ပါတီ ကိုယ်စားလှယ်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ ၎င်းကို မင်းကင်းမောင်မြင့်ဟု လူသိများသည်။

၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း NLD ပါတီ ကိုပုတ်ခတ်၍ ဘာသာရေးအကြောင်းပြ (NLDအနေဖြင့် မွတ်ဆလင်လူမျိုးအမတ် ၄၂ဦး (သို့) ၆၂ ဦး ထည့်သွင်းထားသဖြင့် မဲမပေးသင့်ကြောင်း) မဲဆွယ်ခဲ့၍ တရားမဲ့ပြုကျင့်မှုဖြင့် အမှုဖွင့်ခံခဲ့ရသူ ဖြစ်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တွင် နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် ၂၀၀၄ မှ ၂၀၁၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ တပ်မ(၇၇) ပ်မမှူး အဖြစ်လည်း တာဝန်ယူခဲ့ရသူဗိုလ်မှူးကြီးမောင်မြင့်သည် လက်ရှိမှာ အသက် ၆၆ နှစ်ရှိပြီ ဖြစ်သည်။

မဇ္ဈိမ ယခုဖော်ပြခဲ့သည့် အငြိမ်းစား တပ်အရာရှိိဟောင်းများကို ချိတ်ဆက်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

ယခုဖော်ပြခဲ့သူများအပြင် စစ်မှုပြန်ထမ်းရန် အသက်မီသည့် နောက်ထပ်သော တပ်အရာရှိ အများအပြားလည်း ရှိနေသေးသည်။

ဟာကွက်များ ရှိလာနိုင်

စစ်မှူထမ်းဟောင်းများကို စစ်မှုပြန်ထမ်းခိုင်းမည့် ကိစ္စတွင် စစ်ကောင်စီက ၎င်းတို့နှင့် နီးစပ်သည့် အရာရှိဟောင်းများနှင့် နိုင်ံရေးအရ လိုအပ်ချက် ရှိနေသော တပ်အရာရှိဟောင်းများကို ပြန်ထမ်းခိုင်းချင်မှ ထမ်းခိုင်းလိမ့်မည်ဟု CDM စစ်သားများက သုံးသပ်သည်။

“အဓိက ကျွန်တော်ထင်တာက သူတို့လိုအပ်နေတာက အောက်ခြေပိုင်းဆိုင်ရာက စစ်မှုထမ်းဟောင်းတွေကို ပစ်မှတ်ထားလိမ့်မယ်” ဟု CDMဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်သည်။

ထို့ပြင် စစ်ကောင်စီသည် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သက်သွင်းခဲ့ပြီး ပထမအသုတ်အနေဖြင့် လူငယ် ၅,၀၀၀ ကျော်ကို စစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်