အသက် ၂၃နှစ်မှ ၃၁နှစ်ကြားအမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်ပင်

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွား​ရောက်သည့် မြန်မာအလုပ်သမားများအား ၂၀၂၂ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ၊ မဲ​ဆောက်နယ်စပ်စခန်းတွင် ​တွေ့ရစဥ်

001

(မဇ္ဈိမ)။ ။ အမျိုးသားပြည်ပအလုပ်ခေါ်စာများ ပြန်လည်လက်ခံသော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်ကြား အမျိုးသားများအား ပြည်ပထွက်အလုပ်လုပ်ခွင့်ကို စစ်ကောင်စီကဆက်လက်ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံမှ သိရသည်။

တရားဝင်ကြေညာခြင်းမရှိသော်လည်း ပြည်ပထွက်အလုပ်လုပ်မည့်အမျိုးသားများအနက် အသက် ၂၃ နှစ်အောက်နှင့် ၃၁ နှစ်အထက်များကိုသာ ခွင့်ပြုမည်ဟု အလုပ်ခေါ်စာတင်သည့် အေဂျင်စီအချို့ကို email ဖြင့် စစ်ကောင်စီက အကြောင်းပြန်ထားခြင်းဖြစ်ကြောင်း MOEAF ဒုတိယဥက္ကဌ(၂)ဦး​ကျော်ထင်​ကျော်က​ပြောသည်။

ယခင်က စစ်​ကောင်စီ အလုပ်သမားဝန်ကြီးဌာနထံ အလုပ်​ခေါ်စာတင်ထားပြီး ခွင့်ပြုချက်ရ၍ အလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်ဆိုရန် ပြန်တင်ပြမှုများအ​ပေါ် ယခုကဲ့သို့ အ​ကြောင်းပြန်ခြင်းဖြစ်​ကြောင်း MOEAFမှ အမည်မ​ဖော်လိုသည့် အရာရှိတဦးက​ ပြောသည်။

စစ်ကောင်စီ၏အလုပ်သမားဝန်ကြီးဌာနက မေလ ၁ ရက်နေ့ကစတင်ပြီး ယာယီပိတ်ပင်ထားသည့် အမျိုးသားပြည်ပအလုပ်ခေါ်စာအသစ်တင်ခွင့်ကို မေလ ၆ ရက်နေ့မှစတင်ကာ ပြန်လည်လက်ခံနေကြောင်း MOEAFထံမှ သိရသည်။

သို့​သော် အမျိုးသား ၂၁ ဦးပါဝင်သည့် ဂျပန်အလုပ်ခေါ်စာကို စစ်​ကောင်စီအလုပ်သမားဝန်ကြီးဌာနထံ မေလ ၆ရင်နေ့က တင်ပြခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိ​သေးဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခုမှတာဝန်ရှိသူတဦးက မေလ ၈ရက်တွင် ပြောသည်။

“ ကျွန်တော်တို့ကို အကြောင်းမပြန်ဘူး။ ခါတိုင်းဆိုလို့ရှိရင် email လက်ခံရရှိပါတယ်ဆိုပြီး စာပြန်တယ်။ ဒီတခါကျတော့စာမပြန်ဘူး။ ဘာမှန်းကို သေချာမသိသေးဘူး။ ကျွန်တော်လည်း အဲ့တာ စောင့်ကြည့်နေတာ” ဟု ဆိုသည်။

လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။အသေးစိတ်မေးမြန်းနိုင်ရန် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းကို ဖုန်းဖြင့် မေလ ၈ ရက်​နေ့ ​​​နေ့လယ်ပိုင်းက ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။ စစ်ကောင်စီခန့် အလုပ်သမားဒုဝန်ကြီး ဦးဝင်းရှိန်ကို ​ဆက်သွယ်ရာတွင်လည်း အမြဲတမ်းအတွင်းဝန်ကိုသာ ဆက်သွယ်မေးမြန်းရန်ပြောဆိုသည်။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီဆိုင်းငံ့ထားခြင်းမှာ အချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေများကြောင့်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မေလဆန်းတွင် ထုတ်ဖော်ပြောကြားထားသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် သတ်မှတ်အသက်အရွယ်ကန့်သတ်ချက်တွင် အကျုံးဝင်နေသည့် အမျိုးသားများအနေဖြင့် ပြည်ပကို အများအပြား ထွက်ခွာနေကြသည့်အတွက် ယခုကဲ့သို့ တားမြစ်ခြင်းဖြစ်နိုင်ကြောင်း အလုပ်သမားအဖွဲ့အစည်းများက သုံးသပ်ထားကြသည်။

ထိုသို့ ပိတ်ပင်မှုသည် တရားမဝင်လမ်းကြောင်းမှ ပြည်ပထွက်ခွာသူ ပိုမိုများပြားစေမည်ဖြစ်ပြီး အလုပ်သမားဈေးကွက်ကိုလည်း ထိခိုက်စေကြောင်း အလုပ်သမားအဖွဲ့အစည်းများနှင့်ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ပြောဆိုထားကြသည်။ ထို့အပြင် အလုပ်အကိုင်ရှာဖွေနေသည့် လူငယ်များအတွက်လည်း ကြီးမားသည့်အခက်အခဲများ ကြုံတွေ့စေသည်ဟု လူငယ်အချို့ကပြောသည်။

” ကျွန်တော် ပြည်ပမှအလုပ်ထွက်လုပ်ဖို့ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်တန်းတွေတက်နေတာ။ အခုတော့ အသက် ၂၃နဲ့ ၃၁ နှစ် ကြားကို ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်လိုက်ပြီဆို‌တော့ မျှော်လင့်ချက်တွေအကုန် ပျက်ပြီ”ဟု ရန်ကုန်မြို့မှ အသက်၂၅နှစ်အရွယ် လူငယ်တဦးကပြောသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ၎င်းတို့အတွက်သာမက အခြားတိုင်းပြည်မှအစိုးရများ၊ လုပ်ငန်းရှင်များနှင့် ပြည်ပထွက်ခွာလိုသူလူငယ်များ အားလုံးအတွက် အကျိုးမရှိသည့်လုပ်ရပ်သာဖြစ်ပြီး တရားမဝင်လမ်းကြောင်းမှ ပို့နေသူ လူကုန်ကူးပွဲစားများသာ အကျိုးဖြစ်ထွန်းစေသည်ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေးဆောင်ရွက်ပေးနေသည့် လက်တွဲကူညီ AAC မှ ဒါရိုက်တာ ဦးခိုင်ကြီးက မဇ္ဈိမကို ပြောသည်။တရားဝင်လမ်းကြောင်းကို စစ်ကောင်စီမှ ပိတ်ပင်လိုက်ခြင်းသည် တရားမဝင်လမ်းကြောင်းမှ ပိုမိုထွက်ခွာစေရန် ဖိအားပေးသည့်အနေအထားဖြစ်စေသည်ဟု ၎င်းက ဆိုသည်။

စာတည်း-အေးချမ်း