နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၉ မေ ၂၀၂၄)

မဟူရာတပ်ဖွဲ့

အမျိုးသား ညီညွတ်ရေးအစိုး

  • NUG အမျိုးသားညီညွတ်ရေး အစိုးရ ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံ၏ အတိုက်အခံ Labour Party မှ လွှတ်တော် ကိုယ်စား လှယ်များနှင့် မေလ ၉ ရက်နေ့တွင် တွေ့ဆုံပြီး မြန်မာ့အရေးနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ၏ ပဲဒက်စခန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် လက်နက်မျိုးစုံ အလတ်(၃ဝ)နှင့် စစ်သုံးဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်အသိပေး လိုက်သည်။
  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှာ ဧပြီ ၂၃ ရက်က စပြီး အကြမ်းဖက်စစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေး ပေါင်းစည်း တပ်ဖွဲ့တို့ ယနေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က သရက်ကုန်းကျေးရွာစခန်း ကို ပြန်လည်ရရှိရေးအတွက် လေကြောင်းကနေ ဓာတုအဆိပ်သင့်ဗုံးတွေကို ကြဲချပြီး တိုက်ခိုက် နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY-PDF ထုတ်ပြန် သည်။
  • စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော်ကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုနှင့် ပြည်သူများ သွားရောက် ဦးညွှတ်အလေးပြုခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း ၊မုံရွာမြို့နယ် ၊ တောပုကျေးရွာမှ ပျူစောထီး ဟု ဆိုသော အမျိုးသမီးသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Area 71 PDF Monywa က ယနေ့(မေလ ၉ရက်)တွင်ထုတ်ပြန်သည်။
  • တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရွာရှိ နတ်ဆိရွာကို စစ်ကောင်စီက ယမန်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘောလုံးကန် ဆော့ကစားနေသည့် ကလေးငယ် နှစ်ဦး သေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသ ခံများထံမှ သိရသည်။
  • ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ၏  မြန်မာ့အရေး ကြားဝင်ရန် ကြိုးပမ်းမှုအပေါ် စစ်ကောင်စီနှင့် တော်လှန်ရေး နှစ်ဖက်စလုံးက လက်မခံကြကြောင်း သိရသည်။
  • ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ရှိ ကွမ်းခြံကျေးရွာမှ စစ်ကောင်စီဂိတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရသည်ဟု သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း – Myanmar Defense Forceက ထုတ်ပြန်သည်
  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က PDF စခန်းတစ်ခုအား မီးရှို့ဖျက်ဆီးပြီး ပြည်သူနှစ်ဦးကို သတ်ဖြတ်ကာ ပြည်သူ ၂၀ ခန့် ဖမ်းဆီး​ခေါ်ဆောင်သွား ကြောင်းမြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ​ပြောသည်။ 
  • ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်များကို တပ်သားသစ်များအဖြစ် စစ်ကောင်စီနှင့် ARSA တပ်ဖွဲ့က ပူးပေါင်းစုဆောင်းနေပြီး ရှေ့တန်းစစ်မျက်နှာတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း အမေရိကန်အခြေစိုက် United States Insititute of Peace (USIP) က ယနေ့ ထုတ်ပြန်ပြောဆိုသည်။
  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ပွိုင့် ၁၀၂၀ စစ်တပ်စခန်းကုန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိပြီး စစ်ကူ ပေးရန်လာရောက်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Black Cobra Column ထံမှ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းများ IDPs စခန်းများက မွတ်ဆလင် အမျိုးသား လူငယ်များကို အာရက္ခတပ်တော် AA နာမည်သုံးပြီး စစ်ကောင်စီအတွက် စည်းရုံးနေကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
  • ပျက်ကျခဲ့သည့် ရဟတ်ယာဥ်နေရာသို့ လာရောက်သည့် စစ်ကောင်စီယာဥ်တန်း ကားမိုင်းမိခဲ့၍ သေဆုံးထိခိုက်သူများရှိကြောင်းကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF) ဗျူဟာ ၁ က ယနေ့(မေလ ၉ ရက်)ထုတ်ပြန်သည်။
  • တပ်တည်ထောင်မှု (၃))နှစ်ပြည့်ချိန်တွင် ထိန်းချုပ်နယ်မြေဖြစ်သည့် ဖယ်ခုံအင်း၌ လုံခြုံရေး ကင်းလှည့်ခြင်းနှင့် ရဲဘော်များစုံညီပွဲ ပြုလုပ်ခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)က ထုတ်ပြန်သည်။
  • ကချင်ပြည်နယ်၊ မံစီမြို့ အခြေစိုက် စစ်ကောင်စီ၏ခလရ ၆၀၁ တပ်ရင်း‌​ရှေ့တန်းစခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦး​ဆောင်​သော​တော်လှန်​ရေးတပ်များက ယနေ့(မေလ ၉ရက်) နံနက်၌ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

စစ်ကောင်စီ

  • ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် ကမ္ဘောဒီးယား ဝန်ကြီး ချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုခဲ့သည်ကို မြန်မာစစ်ကောင်စီက ပယ်ချလိုက်သည်။
  • ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကဇူးယန်ကျေးရွာနှင့် ဒပတ်ယန်ကျေးရွာအနီး မြစ်ကြီးနား −ဗန်းမော် ကားလမ်းပေါ်တွင် တည်ရှိသော ကဇူး−ဒဘတ်တံတားကို စစ်ကောင်စီက ယမန်နေ့ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
  • (၆)လကျော်ကာလအတွင်း ဆန်သိုလှောင်ရုံစုစု‌‌ပေါင်း (၆၀၆)လုံးတရားဝင်မှတ်ပုံတင် ထားပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
  • နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့ရှိ စက်သုံးဆီ အရောင်း ဆိုင်များကို မေလ ၈ ရက်က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် လိုက်သည်။
  • စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့ကို ဖားကန့်ဒေသနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ပြည်နယ်များ၌ ယမ်းနှင့် စက်သုံးဆီများ ပြင်ပသို့ရောင်းချမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်က နေပြည်တော်၌ ခေါ်ယူစစ်ဆေးနေကြောင်း ဧရာဝတီ သတင်းတွင် ဖော်ပြထားသည်။

မေ  ၉ ရက် သုံးသပ်ချက်

  • ကချင်နှင့် ရခိုင်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ မြို့သိမ်း စခန်းသိမ်းတိုက်ပွဲများကြောင့် တိုက်ပွဲပြင်း  ထန်စွာ ဖြစ်ပွား နေသကဲ့သို့ တနင်္သာရီတိုင်း နေရာအနှံ့တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ စခန်းသိမ်း စခန်းများဆင်နွဲနေ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။တော်လှန်ရေးတပ်ဖွဲ့များ၏ထိုးစစ်ကို စစ်ကောင်စီမှ မြေပြင်တပ်များ အပြင် လေကြောင်း ရေကြောင်းများနှင့် ပစ်ခတ်၍ ခုခံနေရသည်ကို တွေ့ရသည်။