မုန်းမြို့နယ်မှ စစ်ဘေးရှောင် ၂၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

မုန်းမြို့နယ်မှ စစ်ဘေးရှောင် ၂၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

စစ်ဘေးရှောင်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

YT (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂,၄၅၆ ဦး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း KNU ဗဟို၏ အောက်တိုဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

” ကရင်ပြည်နယ်အစပ် သပြေညွန့်ဘက်တွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒေသခံတွေကတော့ အကုန် ရှောင်နေရပြီ” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဒုံဇရစ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၈၉)၊ ခမရ (၆၀၂)တို့မှ စစ်ကောင်စီတပ်သားများဖြင့် အင်အားဖြည့်ထားသည့် သပြေညွှန့်စခန်းနှင့် မိုးပျံရဲစခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှု၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ လေးကြိမ် ဖြစ်ပွားမှုကြောင့် ကျေးရွာငါးရွာမှ ဒေသခံ ၂,၀၅၂ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ဖော်ပြထားသည်။

ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ ကျောက်ကြီးပေါက်၊ ဆမ်မန်းပေါက်၊ သပြေညွန့်၊ ရွှေပြည်သာ၊ လေလံကုန်း စသည့်ကျေးရွာများဖြစ်သည်။

ထို့ပြင် အောက်တိုဘာလ ၂၀ ရက်နေ့က ခမရ (၃၅၁) တပ်မှ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုတောတာကျေးရွာ (မရမ်းစိန်လေးကျေးရွာ) မှ ဒေသခံ ၄၀၄ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ဆိုသည်။

” မုန်းမြို့နယ်ထဲက ကျေးရွာတော်တော်များများက ရွာသားတွေက ရွာတွေထဲမှာ မနေရဲဘူး။ ညတိုင်းလိုလို တညကို နှစ်လုံး၊ သုံးလုံး အဲ့ဒီလိုမျိုး တောက်လျှောက်ပစ်တယ်။ အဲ့ဒီလိုမျိုး အမြဲတမ်း ပစ်နေတဲ့အခါမှာ ရွာတွေထဲမှာ မနေရဲတာတော့ တော်တော်များတယ်” ဟု မုန်းမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် လက်ရှိအချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ ၎င်းတို့အတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ထံက သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ “အာဏာဟန်ချက် အပြောင်းအလဲ” အမည်ရ အစီရင်ခံစာအရ KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူ ၆၃၇,၄၁၄ ဦးအထိ ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး