မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များ ဇီဝမှတ်တမ်းကောက်ယူမည်ဟုဆို

မီဇိုရမ်ဝန်ကြီးချုပ်နှင့် လူငယ်ခေါင်းဆောင်များတွေ့ဆုံစဥ်/ဓါတ်ပုံ – ဗန်လိုင်းနီးနေ့စဥ်သတင်းစာ

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝမှတ်တမ်း(Biometric)ကောက်ယူမှု မကြာမီစတင်တော့မည်ဟု ပြည်နယ်ဝန်ကြီး လားဒုအောမ်မာ က ပြောဆိုလိုက်ကြောင်း ဗန်လိုင်းနီး နေ့စဥ်သတင်းစာက ယနေ့ (မေလ ၁၆ရက်)တွင်ရေးသားသည်။

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ရှိ ဝန်ကြီးချုပ်ရုံးခန်း၌ မီဇိုလူငယ်အသင်း (CYMA) ခေါင်းဆောင်များနှင့် ယမန်နေ့( မေလ ၁၅ရက် )တွေ့ဆုံမှုတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဗဟိုအစိုးရ ဝန်ကြီးချုပ် ၊ ပြည်ထဲရေးဝန်ကြီးများနဲ့ ဆွေးနွေးထားချက်များအရ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရာမှာ အသုံးပြုမဲ့ Biometric Enrolment Portal ပြီးစီးဖြစ်တဲ့အတွက် အမြန်ဆုံးကောက်ယူနိုင်တော့မှာဖြစ်တယ်” ဟု ဝန်ကြီး ချုပ်ပြောဆိုချက်ကို သတင်းစာကဖော်ပြသည်။

အိန္ဒိယဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက် အလက်မှတ်တမ်းများကောက်ယူရန်ညွှန်ကြားခဲ့သော်လည်း ယခင် ဝန်ကြီးချုပ် ဇိုးရမ်းထန်းငါ ဦးဆောင်သည့် မီဇိုးအမျိုးသားတပ်ဦး(MNF)အစိုးရက ငြင်းဆန်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအနိုင်ရလာသည့် လက်ရှိဝန်ကြီးချုပ်က ကောက်ခံရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ယင်းသို့ ဇီဝမှတ်တမ်းများကောက်ယူမှုအပေါ် မည်သို့ပြန်လည်အသုံးပြုမည်ဆိုသည် အချက်အပေါ် မြန်မာစစ်ဘေးရှောင်များအကြား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံအတွင်းဝင်လာသည့် နိုင်ငံခြားသားများကို မှတ်ပုံတင်နိုင်ရေးအတွက် ဇီဝမှတ်တမ်းကောက်ယူသည့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တခုဖြစ်ကြောင်း ပြောဆိုထားသည်။

“Biometric ကောက်ရင် လုံခြုံရေးအာမခံချက်ပေးဖို့ပေါ့ ၊ လုံခြုံရေးအာမခံချက် မပေးရင်တော့ ဒါကလုံးဝမဖြစ်သင့်တဲ့ဟာပေါ့ ၊ မြန်မာနိုင်ငံသားတွေအတွက်ပဲ သီးသန့်ကောက်ခံတဲ့ဟာမျိုးဖြစ်တဲ့အခါကျတော့ တခြားနိုင်ငံရေးရည်မှန်းချက် ရှိသလား စိုးရိမ်ချက်ရှိပါတယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ် က ပြောသည်။

မဏိပူရပြည်နယ်မှ Biometric ကောက်ခံထားသူ ၅,၀၀၀ ကျော်ကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ၎င်းတို့၏ အချက်အလက်များ စစ်ကောင်စီထံလွှဲပြောင်းပေးပါက ပြန်ရောက်သွားမည့်သူများ၏ လုံခြုံရေးအတွက်စိုးရိမ်ရသည်ဟု ဆိုသည်။

သို့ဖြစ်သောကြောင့် ဇီဝမှတ်တမ်းကောက်ယူမည့် အာဏာပိုင်များကို ကောက်ယူရရှိမည့် အချက်အလက်များအပေါ် တာဝန်ယူမှု တာဝန်ခံမှုအား မေးခွန်းထုတ်ဖို့ရှိနေကြောင်း ဆလိုင်းဒိုခါရ် က ဆက်ပြောသည်။

ဝန်ကြီးချုပ်နှင့် မီဇိုလူငယ်အသင်းတွေ့ဆုံမှုတွင် Biometric ကောက်ယူမှု ကိစ္စအပြင်၊ အထောက်အထားမဲ့နေထိုင်မှု ၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု ထိန်းချုပ်နိုင်ရေးများ ဆွေးနွေးခဲ့ကြောင်းသိရသည်။

၎င်းအပြင် နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသည့် Adhaar Card ၊ မဲပေးခွင့်လက်မှတ်၊ မွေးစာရင်း စသည့်အထောက်အထားများကို နိုင်ငံသားမဟုတ်သူများက ပိုင်ဆိုင်နေပြီး ရယူပိုင်ဆိုင်ရန်ကြိုးစားနေမှုများကို ကိုင်တွယ်နိုင်ရေး ပြောဆိုခဲ့ကြောင်း သတင်းစာကရေးသားသည်။

အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသော မြန်မာနိုင်ငံသားများလိုက်နာရန် အသိပေးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မေလ ၇ရက်နေ့တွင် မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

ယင်းအသိပေးချက်တွင် အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာဆိုင်ရာ ထိပါးစေသည့် ပြုမူလုပ်ဆောင်မှုများရှောင်ကြဥ်ရန် ၊ မိမိတို့ခိုလှုံနေသည့် ပြည်နယ် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အရေးအရာများတွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရန်များ ပါဝင်သည်။

၎င်းအပြင် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်ရောင်းဝယ်မှုများတွင်မပါဝင်ရန် ၊ ရပ်ကွက်ကျေးရွာများက ထုတ်ပြန်ထားသော လူမှုရေး ၊ဘာသာရေးစည်းကမ်းများကို လိုက်နာပေးကြပါရန် အစရှိသည့်အချက်များကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၄,၀၀၀ ကျော်ခိုလှုံလျက်ရှိကြောင်း မီဇိုရမ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)