BGFထိန်းချုပ်ဒေသမှ ကျားဖြန့်လုပ်ငန်းများ Mytelဆက်သွယ်‌ရေးကွန်ရက်ဖြင့်ဆက်လုပ်နေဟုဆို

ထိုင်းနိုင်ငံဖက်မှ မြင်တွေ့ရသည့် မယ်ထောသေလေးကျေးရွာရှိ KK-park ဓါတ်ပုံ ဟန်ထူးဇော်

ဟန်ထူးဇော် (မဇ္ဈိမ) ။ ။ ထိုင်းဘက်က အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်လိုက်သော်လည်း ရွှေကုက္ကိုမြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများမှာ မြန်မာစစ်ကောင်စီထိန်းချုပ်ထားသော Mytel ဆက်သွယ်ရေးကွန်ရက်ကိုသုံးစွဲနေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

အွန်လိုင်းမှတဆင့်လိမ်လည်သော ကျားဖြန့်ဂိုဏ်းနှင့် တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းများရှိရာ ထိုင်း−မြန်မာနယ်စပ် ကရင်ပြည်နယ်၊မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်နှင့် မယ်ထောသလေးကျေးရွာရှိ KK Park ကို ဆက်သွယ်ထားသည့် အင်တာနက်နှင့်ဖုန်းဆက်သွယ်ရေးလိုင်းများအား မေလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံက ဖြတ်တောက်ခဲ့သည်။

ယခုအခါ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိသားစုပိုင် Mytel ဆက်သွယ်ရေးကွန်ရက်ဖြင့် ကျားဖြန့်လုပ်ငန်းများဆက်လက်လည်ပတ်နေကြောင်း ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းတခုမှ ရထိုက်(Yatai) ကုမ္ပဏီ ဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။

၎င်းက “ထိုင်း wifiတွေကတော့ တကယ်ပျက်နေတယ်။ wifiရတဲ့ ဆိုင်တချို့တောင်မရတော့ဘူးပေါ့။ကျနော်သိတာ Mytelရဲ့ Fiber linkသုံးတယ်။ တရုတ်ဆိုဒ်တွေအကုန်သုံးနေတာ။ လိုင်းအရမ်းကျတယ် ဒါပေမယ့် အဲ့ဒါနဲ့ဘဲဆက်သုံးနေရတယ် ထိုင်းလိုင်းလောက်ကြီးတော့ အကောင်းကြီးမဟုတ်ပေမယ် ဆက်သုံးနေလို့ရတယ် တရုတ်တွေထွက်သွားတာတော့ မတွေ့ဘူး အရင်အတိုင်းဘဲ ဆက်လုပ်နေကျတာဘဲ”ဟုပြောသည်။

ရွှေကုက္ကိုလ်နှင့်မယ်ထောသလေးကျေးရွာကို ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)က ထိန်းချုပ်ထားပြီး Mytel မှာ စစ်ကောင်စီတပ်၏စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်သော မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ဗီယက်နမ်စစ်တပ်ထိန်းချုပ်ထားသည့် ဗီယက်တဲလ် (Viettel) တို့ ဖက်စပ်လုပ်ကိုင်သည်။

ထိုင်းအစိုးရက ၂၀၂၃ ဇွန်လကလည်းရွှေကုက္ကိုလ်မြို့သစ်နှင့် KK Parkတို့ကို ပေးပို့နေသည့် ဆက်သွယ်ရေးလိုင်းများအား ဖြတ်တောက်ခဲ့ဖူးသည်။သို့သော် မြန်မာဘက်မှဆက်သွယ်ရေးကွန်ယက်များအပြင် ထိုင်းဘက်မှလည်း တရားမဝင်ခိုးသွယ်သည့် ဆက်သွယ်ရေးလိုင်းများဖြင့် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်ခဲ့သည်။

ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော Yatai International Holding Group(ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု)သည် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် ပေါင်းစပ်ကာ Myanmar Yatai International Holding Group Co., Ltd. အဖြစ် မြန်မာနိုင်ငံတွင်မှတ်ပုံတင် ရင်းနှီးမြုပ်နှံကာ ရွှေကုက္ကိုမြို့သစ်ထူထောင်ခဲ့သည်။

စီမံကိန်းဧရိယာအတွင်း တရုတ်နိုင်ငံသားများနေထိုင်သည့် တိုက်တန်းလျားများ၊ အွန်လိုင်းဂိမ်း ကစားသည့် အခန်းများ၊ သပ်ရပ်ခေတ်မီသော လုံးချင်းအိမ်များ၊ KTV၊ Spa၊ Club နှင့် ဖျော်ဖြေရေးခန်းမများ၊ကာစီနိုရုံပါဝင်သည့် ဟိုတယ်များပါဝင်ပြီး လောင်းကစားလုပ်ငန်းများ ဖော်ဆောင်ရေးသည် ယင်းစီမံကိန်း၏ အဓိကအစိတ်အပိုင်းတရပ်ဖြစ်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) စာတမ်းတခု က ဖော်ပြထားသည်။

ဧပြီ ၂၂ ရက်နေ့က ထွက်ရှိသော အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP)၏ အစီရင်ခံစာတွင် ရွှေကုက္ကိုအပါအဝင်မြ၀တီမြို့ အနီးရှိ ကျားဖြန့်များနှင့် K Park ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၌ ဗိုလ်မှူးကြီးစောချစ်သူ၊ သူ့လက်အောက်ခံ ဗိုလ်မိုလ်သိုလ်၊ ဗိုလ်မှူးတင်ဝင်း၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ (DKBA) နှင့် အဆက်စပ်ရှိသော ဗိုလ်မှူးချုပ်စိုင်းကျော်လှနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်သော စောရော်ဂျာခင်တို့ကလည်း အဓိကပတ်သက်နေသည်ဟု စွပ်စွဲထားသည်။

ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုလ်စီမံကိန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်းကို BGF က ရရှိကာ ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီ ရရှိနေသည်ဟုလည်း အစီရင်ခံစာတွင်ပါဝင်သည်။

USIP အစီရင်ခံစာထွက်ရှိပြီးနောက် နိုင်ငံခြားသားများ မြဝတီမြို့အနီးရှိ နိုင်ငံခြားသားများ မေလ၁ရက်နေ့မှ စတင်ကာ ခြောက်လအတွင်း ထွက်ခွာရန် BGF က မေလ ၃ရက်တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။

“တရုတ်တွေကို ၁၀လပိုင်းကုန်နောက်ဆုံးထွက်သွားဖို့ ဆိုပြီး ကြေညာထားတယ်။ ဒါပေမယ့် အလုပ်ရုံတိုင်းကို တရုတ်တွေ ရာနဲ့ချီဝင်နေတာတွေရှိတယ်။ ပြီးတော့ ကုမ္ပဏီစည်းကမ်းတွေထပ်တိုးလာတယ်။ သတင်းအပြင်ကိုပေါက်ရင် အလုပ်ထုတ်မယ်၊ အရေးယူမယ် ၊အချုပ်ချတာ၊ဒဏ်ငွေအဆမတန်တောင်းတာပေါ့” ဟု Yatai ကုမ္ပဏီဝန်ထမ်းတဦးက မဇ္ဈိမသို့ပြောသည်။

ဗိုလ်မှူးကြီး စောချစ်သူက ၎င်းဦးစီးသော BGFကို ၂၀၂၄ ခုနှစ်၊ မတ်လက ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(Karen National Army)ဟု ပြောင်းလဲခဲ့သည်။ သို့သော် တရားဝင်အားဖြင့် စစ်ကောင်စီတပ်နှင့် သဘောတူလုပ်ကိုင်မှုများ မည်သို့ရှိသည်ကို ရှင်းရှင်းလင်းလင်းမသိရပါ။

BGF တပ်နယ်-၂ ဗျူဟာမှူးထံ မဇ္ဈိမက ဆက်သွယ်ပေမဲ့လည်း ပြန်လည်ဖြေဆိုခြင်းမပြုပါ။

မြန်နှုန်းမြင့်အင်တာနက်လိုင်းများကို မြ၀တီဘက်ခြမ်းရှိ အွန်လိုင်းလိမ်လည်ဂိုဏ်းများဆီ ပေးနေခြင်းသည် တရားမဝင်ကြောင်း ထိုင်းနိုင်ငံ National Broadcasting and Telecommunication Commission အမျိုးသား အသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင်ရုံးတာဝန်ရှိသူ နိုင်ဖါနုဖုန်းချိုင်းစီထစ်က မေလ ၉ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကျားဖြန့်လုပ်ငန်းများ၊ လူကုန်ကူးမှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဗိုလ်မှူးကြီး စောချစ်သူနှင့်ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦးတို့အပါအဝင် လူပုဂ္ဂိုလ်အချို့ကို ဗြိတိန်၊ အမေရိကန်နှင့်ကနေဒါနိုင်ငံတို့က ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာ ၈ ရက်နေ့တွင် ဘဏ္ဍာရေးပိတ်ဆို့အရေးယူထားသည်။

စာတည်း – အေးချမ်း