ဘီးလင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် သေဆုံး ထိခိုက်ခဲ့ရသည့် ဒေသခံများနှင့် လက်နက်ကြီးကျည်ပုံ (ဓါတ်ပုံ- ပေးပို့)

စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် သေဆုံး ထိခိုက်ခဲ့ရသည့် ဒေသခံများနှင့် လက်နက်ကြီးကျည်ပုံ (ဓါတ်ပုံ- ပေးပို့)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ကတီပုကျေးရွာတို့တွင် စစ်ကောင်စီအမြောက်တပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးသုံးဦး သေဆုံး၍ ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

” ဒေါက်ရပ်နဲ့ ကတီပုရွာမှာ သုံးဦးသေ၊ ငါးဦးပြင်းထန်၊ နှစ်ဦး မပြင်းထန် ဒဏ်ရာရခဲ့ပါတယ်၊ အမြောက်တပ်ကနေ လှမ်းပစ်တာ၊ ၁၁ နာရီ ၈ မိနစ်မှာ တလုံး၊ ၁၁ နာရီ ၁၁ မိနစ်မှာတလုံး ပေါက်ကွဲပါတယ်။ သူတို့က ရွာထဲကို ပစ်ထည့်တာလေ ရွာသားတွေက ရွာထဲမှာကို” ဟု အမျိုးသမီး သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နေ့လယ် ၁၁ နာရီ ၈ မိနစ်မှ ၁၁ နာရီ ၁၅ မိနစ်အထိ ဇီးဝန်းအခြေစိုက် အမြောက်တပ် အမတ(၃၁၄)မှ စစ်ကောင်စီတပ်သားများက ဒေါက်ရပ်ကျေးရွာနှင့် ကတီပုကျေးရွာများ ရှိရာဘက်သို့ ဦးတည်၍ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးရခြင်းဖြစ်သည်။

” နာမည်မသိရတာတွေ ရှိသေးတယ်။ ထိတဲ့သူတွေကတော့ ရွာသားတွေချည်းပဲ” ဟု ဒေသခံတဦးက ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ အသက် ၄၉ နှစ်အရွယ် ဒေါ်ယဉ်ဌေး၊ အသက် ၂၂ နှစ်အရွယ် မစန္ဒာ၊ အသက် ၂၀ ကျော်အရွယ် နော်ကော်လာမူတို့ဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ဒေါ်တော၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်သန်း၊ အသက် ၂၆ နှစ်အရွယ် မဝါဝါသင်းနှင့် အမျိုးသားတဦး၊ ကလေးငယ်တဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ အသက် ၄၀ နှစ်အရွယ် ဒေါ်ခင်ဝင်းလှိုင်နှင့် အခြားတဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသည့် ဒေသခံများသည် လက်ရှိတွင် မည်သည့်နေရာ၌ ဆေးကုသမှု ခံယူနေသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက် အတည်ပြုနေဆဲဖြစ်သည်။

ဒေသတွင်းသတင်းရင်းမြစ်​၏ အဆိုအရ မြေပြင် ပစ်ခတ်ခြင်းများ မရှိဘဲ လက်နက်ကြီးများ တမင်ရမ်းသန်း ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ​တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU နယ်မြေများတွင် နေထိုင်သည့် အရပ်သားပြည်သူ ၁၉၅ ဦးသေဆုံး၍ ၆၆၁ ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို​၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)