မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၁၈ ဦး လုပ်ခ မရှင်းပေးဘဲ အလုပ်ထုတ်ခံရ

အလုပ်ထုတ်ခံလိုက်ရတဲ့ အမျိုးသမီး ၁၈ ဦး

ပုံစာ – အလုပ်ထုတ်ခံလိုက်ရတဲ့ အမျိုးသမီး ၁၈ ဦး

အလုပ်ထုတ်ခံလိုက်ရတဲ့ အမျိုးသမီး ၁၈ ဦး

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်က ဘော်ထော်ရပ်ကွက်ရှိ Pe Mat Co, LDT စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် အမျိုးသမီး ၁၈ ဦးကို လုပ်ခလစာ မရှင်းပေးသည့်အပြင် အလုပ်ရှင် ထိုင်းသူဌေးက ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှ ထုတ်ပစ်ခဲ့၍ ဖုန်းတွေကိုပါ သိမ်းဆည်းခံထားရကြောင်း WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရ သည်။

အဆိုပါ စက်ရုံမှ အလုပ်ထုတ်ခံလိုက်ရသည့် အမျိုးသမီး အလုပ်သမား ၁၈ ဦးသည် အထောက်ထား စာရွက်စာတမ်းရှိသူများဖြစ်ကာ ယင်းစက်ရုံတွင် လုပ်သက် ငါးနှစ်၊ နှစ်နှစ်နှင့် ငါးလရှိသည့် အလုပ်သမားများဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့က အလုပ်ရှင်ဖြစ်သူ သူဌေးက စည်းဝေးခေါ်ယူပြီး လုပ်ခလစာ တလစာနှင့် OT ကြေးအပြင် လုပ်သက်အလိုက် နစ်နာကြေးများကိုပါ မပေးဘဲ အလုပ်ထုတ်ပစ်ခဲ့ကြောင်း ဆိုသည်။

“ဒီအမျိုးသမီး ၁၈ ဦးစလုံးက အလုပ် လုပ်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ အလုပ်သမား အခွင့်အရေး တခုမှ မခံစားရဘူးလို့ သိရတယ်၊ ဒါအပြင် အချိန်ပို ဆင်းတဲ့ အချိန်လည်း OT မပေးဘဲ အခု ပြဿနာဖြစ်လို့ ကျွန်တော်တို့ အဖွဲ့ကို လာတိုင်တဲ့အချိန်မှာ အဲ့ဒီ အလုပ်သမား အမျိုးသမီး ၁၈ ဦးစလုံးရဲ့ ဖုန်းတွေကိုပါ သိမ်းခံထားရတယ်” ဟု WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ကိုမုန်တိုင်းက ပြောသည်။

အဆိုပါ အမျိုးသမီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၈ ဦးတို့ သည် တဦးကို လုပ်အားခ ဘတ် ၁၀,၀၀၀ နီးပါး ရရှိမည့်ဖြစ်သလို OT ကြေးနှင့် အကြောင်းမဲ့ အလုပ်ထုတ်ခဲ့သည့်အတွက် လုပ်သက်နစ်နာကြေးများကို ရရှိဖို့ WAG အဖွဲ့ကို လာရောက် အကူညီတောင်းခံထားသည်။

“ကျွန်တော်တို့ WAG အဖွဲ့ကနေ ဒီ အမျိုးသမီး ၁၈ ဦးအတွက် လုပ်ခ လစာ၊ OT ကြေးအပြင် လုပ်သက်နစ်နာကြေးတွေကို ပြန်လည်ရရှိဖို့ စဝတ်ဒီကန်ရုံးမှာ အမှုဖွင့် တိုင်ကြားပေး ထားတယ်”ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုမုန်တိုင်းက ဆက်ပြောသည်။

လက်ရှိ အလုပ်သမား အခွင့်ရေး ချိုးဖောက်ခံနေရသည့် အဆိုပါ အမျိုးသမီး ၁၈ ဦးထံ မဇ္ဈိမက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ယင်း အမျိုးသမီး အလုပ်သများ၏ ကိုင်ဆောင်ထားသော ဖုန်းများကို အလုပ်ရှင်ဖြစ်သူ ထိုင်းသူဌေးက သိမ်းဆည်ထား၍ ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။

လုပ်အားခနှင့် နစ်နာကြေးများကို ပြန်လည် ရရှိရန် အတွက် WAG အဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် သက်ဆိုင်ရာ အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေး (စဝတ်ဒီကန်) ရုံးတွင် သွားရောက် တိုင်ကြားထားကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)