စစ်တွေမြို့မဈေးကြီးတွင် လက်နက်ကြီးကျ၍ လူ၁၀ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

ဓာတ်ပုံ- (ပုံဟောင်းဖြစ်သည်)

ဓာတ်ပုံ- (ပုံဟောင်းဖြစ်သည်)

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း စစ်တွေမြို့ခံများက မဇ္ဈိမကို ပြောသည်။

နံနက်ပိုင်း ဈေး၌ လူစည်းကားနေချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဈေးသည်များနှင့် ဈေးလာဝယ်သူ အများအပြား ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ပြီး ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိကြောင်း မြို့ခံများက ပြောသည်။

“စစ်တွေမြို့မဈေးကြီးမှာ ဗုံးကျလို့ အများကြီး‌ သေကြတယ်၊ ၁၀ ဦးထက်မနည်းသေတယ်၊ မင်းဂံရပ်ကွက် နှစ်ယောက် ပွဲချင်းပြီး သေတယ်၊ အတိအကျတော့ မသိရသေးဘူး၊ နာရေးကားတွေနဲ့ လူနာအပြည့်တင်သွားတယ်” ဟု စစ်တွေမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

လက်နက်ကြီးကျရောက်ချိန် အသက်ဘေးက လွတ်မြောက်လာသော ဈေးသည်တချို့၏ ပြောကြားချက်အရ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး နောက်ဆုံးအလုံးတွင် လူထိမှန်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဟင်းရောင်းတဲ့ ဈေးတန်းမှာ ကျပေါက်တာ၊ လေးဆင့်တိုက်တန်းမှာ ကျရင်တော့ လူရာနဲ့ချီ သေသွားနိုင်တယ်” ဟု နောက်ထပ် စစ်တွေမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

လက်ရှိမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုအတွင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို အရေးပေါ် လူကယ်ကူညီကယ်ဆယ်ရေးအသင်းများက ကားဖြင့် ကယ်ထုတ်နေပြီး နီးစပ်ရာဆေးရုံများနှင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထားကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်တပ်စခန်းများက လက်နက်ကြီးရာနှင့်ချီ နေ့စဉ်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း စစ်တွေမြို့ခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်