ထီးချိုင့်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံအမျိုးသမီး သေဆုံး

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၍ ဒေသခံအမျိုးသမီးတဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ထီးချိုင့်ဒေသခံများထံက သိရသည်။

“မြစ်ကြီးနားကနေဆင်းလာတဲ့ ဂျက်ဖိုက်တာနဲ့ ဇီးကုန်းရွာအနီးမှာ နှစ်ကြိမ်၊ နတ်အင်းစာသင်ကြောင်းအနီးမှာ တကြိမ် စုစုပေါင်းသုံးကြိမ် ဗုံးကြဲပစ်ခတ်ခဲ့တာပါ။ အသက် ၂၅နှစ်ကျော်အရွယ် အမျိုးသမီးတဦး ဦးခေါင်းပြတ်ထွက်ပြီး ပွဲချင်းပြီးသေဆုံးပါတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက် ညနေ ၃နာရီ ၄၉မိနစ် အချိန်တွင် ထီးချိုင့်မြို့အနီးရှိ ဇီးကုန်းကျေးရွာနှင့် နတ်အင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နတ်အင်းကျေးရွာ စာသင်ကျောင်းအနီးရှိ ဒေသခံအမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက မဇ္စျိမသို့ ပြောသည်။

ထို့အပြင် အသက်မပြည့်သေးသည့် ကလေးငယ်တဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး လူနေအိမ်တလုံးပျက်စီးကာ အိမ်မွေးတိရစ္ဆာန်အချို့လည်း ထိမှန်သေဆုံးခဲ့ကြောင်း အဆိုပါ ဒေသခံထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၃ရက် နံနက် ၁၁နာရီ ၄၀မိနစ်အချိန်တွင် ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကင်းထောက်လေယာဥ် အမျိုးအစားတစီးဖြင့်လည်း ထီးချိုင့်မြို့ပေါ်တွင် နာရီဝက်ခန့်ကြာအောင် ပျံနေကြောင်း Tigyaing Revolution – TR ထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငါးနှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ထီးချိုင့်ဒေသခံ ၁၈ ဦး သေဆုံးခဲ့ရပြီး ဒေသခံ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း Tigyaing Revolution- TR ထံက သိရသည်။

ထီးချိုင့်မြို့အား မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၈ ရက်မှစ၍ ယနေ့ဒီဇင်ဘာလ ၂၃ရက်အထိ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ Tigyaing Revolution တာဝန်ရှိသူထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး