တွန်းဇံတိုက်ပွဲအတွင်း CDF-Hualngoram ရဲဘော် မိုင်းထိ ကျဆုံး

ကျဆုံးသွားသည့် ရဲဘော်၏ဈာပနအခမ်းအနား/ဓါတ်ပုံ – ပေးပို့

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ချင်းလဲန်းကာ ကွယ်ရေးတပ်ဖွဲ့ (ဟွားငိုးလ်ရမ်း) CDF – Hualgnoram မှ ရဲဘော်တဦး မေလ ၁၉ ရက်နေ့က ကျဆုံးခဲ့ ကြောင်းသိရသည်။

တွန်းဇံမြို့ စစ်ကောင်စီတပ်စခန်းကုန်းကို ဝင်ရောက်သိမ်းပိုက်စဥ် မေလ ၁၉ ရက်နေ့က အသက်၂၆ နှစ် အရွယ် ရဲဘော်လားမားငိုက်ဇားဗာ( Lalhmangaihzauva ) ကျဆုံးခဲ့ခြင်းဖြစ်သည်။

“တပ်ကုန်းသိမ်းတဲ့တိုက်ပွဲမှာ မိုင်းထိပြီးကျဆုံးသွားတာပါ။ သူကိုပြန်ယူလာပြီး ဒီနေ့ ဈာပနအစီအစဥ်ပြု လုပ်ပါတယ်” ဟု CDF – Hualgnoram တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ကျဆုံးရဲဘော်ကို CDF – Hualgnoram ထိန်းချုပ်နယ်မြေဖြစ်သည့် ရိဒ်ခေါ်ဒါရ်သို့ ပြန်လည်သယ်ဆောင် ခဲ့ပြီး ယနေ့ (မေလ ၂၀ ရက်) သင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်။

ကျဆုံးသွားသည့်ရဲဘော် လားမားငိုက်ဇားဗာသည် အနေအထိုင်အေးဆေးပြီး သန်မာသူတစ်ဦးဖြစ်ကာ စစ်သားတစ်ယောက်၏ စည်းကမ်းကိုလေးစား၍ တာဝန်သိသူတဦးဖြစ်သည်ဟု ဆိုသည်။ ၎င်းတွင် တွင် လေးနှစ်အရွယ် သမီးတဦးကျန်ရစ်ကြောင်း သိရသည်။

ရိဒ်၊ ရေဇွာ၊ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲများနှင့် ခိုင်ကမ်းစစ်ဆင်ရေး၊ ထန်တလန်မြို့တွင်းတိုက်ပွဲများတွင် ရှေ့တန်းက ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ် ရိဒ် စခန်းသိမ်းတိုက်ပွဲတွင် ခြေထောက်ဗုံးဆံထိ ၍ ဒဏ်ရာရရှိခဲ့သူဖြစ်ကြောင်း CDF – Hualgnoram တာဝန်ရှိသူက ဆက်ပြောသည်။

ချင်းအမျိုးသားတပ်မတော်(CAN)နှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ ၁၅ ရက်နေ့မှစတင်၍ စစ်ကောင်စီခန်း များကိုတိုက်ခိုက်ခဲ့ရာ မေလ ၁၉ ရက်နေ့တွင် ကျီးခါးမြို့ကိုရရှိပြီး တွန်းဇံမြို့အတွင်းရှိ ရဲစခန်း၊ ခလရ (၂၆၉) တပ်စခန်းနှင့် အခြားတပ်စွဲထားသည့်နေရာများကို သိမ်းပိုက်ရရှိခဲ့ပြီးကြောင်း သိရသည်။

သို့သော် တွန်းဇံမြို့အတွင်း၌ တပ်ကုန်းနှင့် ကျီးခါးမှဆုတ်ခွာလာသော စစ်ကောင်စီတပ်သားများအပြင် ကလေးမြို့မှလည်း ရဟတ်ယာဥ်ဖြင့်အင်အားဖြည့်တင်းထားသဖြင့် မြို့တွင်း၌ တိုက်ပွဲများပြင်းထန်လျက် ရှိကြောင်း သိရသည်။

စစ်ဆင်ရေးစတင်ချိန်မှစ၍ စစ်ကောင်စီမှ ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးသော်လည်း ချင်းကာကွယ် ရေးတပ်ဖွဲ့များဘက်က ငါးဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိထားကြောင်း ချင်းတော်လှန်းရေးသတင်း ရင်းမြစ်များအရ သိရသည်။

တွန်းဇံမြို့နယ်အတွင်းတိုက်ပွဲများတွင် CNA အပါအ၀င် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် CDF-Tonzang ၊ CDF-Thantlang၊ People Defense Army (PDA -Tedim)၊ CDF CDM-Siyin ၊ CDF-Hualngoram ၊ YDF (Yaw)၊ Asho CDF ၊ CDF-KKG ၊ CDF-Hakha ၊ CDF-Zanniatram ၊ CDF-Matupi ၊ CDF-Paletwa တို့ ပူးပေါင်းပါဝင်ကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ကျင်ဒွေးမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်များစခန်းစွန့်ခွာသွားသည့် မကွီအိမ်နူးမြို့၊ နှာရိန်မြို့၊ ဝေဘူလမြို့နှင့် ဆူခွာရ်မြို့တို့ကိုလည်း ထိန်းချုပ်ထားသည်။

စာတည်း။ ။စောဖေ