တောင်ကုတ်မြို့မှ ထွက်ပြေးသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်စည်ပင်အရာရှိကို စစ်ကောင်စီဖမ်း

ရွှေနွယ်

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် စည်ပင်ဌာနအမှုဆောင်အရာရှိဦးမောင်စိန်သည် ဌာနကိုစွန့်ခွာထွက်ပြေးစဉ် လမ်းခုလတ်၌ စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း မြို့ခံများကပြောသည်။

ဦးဇာနည်တိုးနှင့် ဦးမောင်စိန်သည်ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ထွက်ပြေးကြခြင်းဖြစ်ပြီး တောင်ကုတ်မြို့နှင့်၄၄မ်ိုင်ခန့်အကွာ၊ရခိုင်ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ တောင်ပုံကြီးကျေးရွာစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဟု သိရသည်။

” ရိုးမလမ်း မိုင် ၅၀ ခန့်က တောင်ပုံကြီး အထူး စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာ။ လက်ရှိ စကခ(၅)မှာလို့ ကြားမိတယ်” ဟု တောင်ကုတ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ဦးဇာနည်တိုးသည် တောင်ကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ်၂၀၂၂ ခုနှစ်မှစတင်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးမောင်စိန်သည် ၂၀၂၁ ခုနှစ်တွင် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိအဖြစ် ရွေးချယ်ခံရသူဖြစ်ကြောင်း မြို့ခံများကပြောသည်။

၎င်းတို့နှစ်ဦးသည် တာဝန်မထမ်းဆောင်လိုသောကြောင့် ထွက်ပြေးကြခြင်းဖြစ်သည်ဟု မြို့ခံများကပြောသော်လည်း ယင်းအချက်ကိုသီးခြားအတည်မပြုနိုင်ပေ။ ဖမ်းဆီးခံရသည့်နေ့မှစ၍ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်း
မြို့ခံတဦးကပြောသည်။ ၎င်းတို့နှစ်ဦး၏မိသားစုဝင်များအား မေးမြန်းရန် မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း လတ်တလောအဆက်အသွယ်မရသေးပေ။

တိုက်ပွဲများပြင်းထန်နေသည့် သံတွဲမြို့နှင့် မိုင်၄၀ကျော်ဝေးသော တောင်ကုတ်မြို့နယ်တွင် ဇွန်လပထမလပတ်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) ပစ်ခတ်မှု စတင်ဖြစ်ခဲ့သည်။ မြေပြင်၌တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်ပွားသော်လည်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအလွန်အကျွံသုံး၍ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုး‌ကျေးရွာကို
ဇွန်လ၁၅ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတဦးသေဆုံးပြီး ဇွန်လ ၁၇ရက်နေ့လယ်က လက်နက်ကြီးပစ်ခတ်မှုတွင် တောင်ကုတ်တက္ကသိုလ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။ဇွန်လ ၁၈ ရက်နံနက် ၁၀နာရီခန့်က တောင်ကုတ်မြို့နယ်၊ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာကလေးငယ်တဦးအပါအဝင်သုံးဦးသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။ ထို့အပြင်စစ်ကောင်စီသည်တောင်ကုတ်တက္ကသိုလ်အတွင်းတပ်စွဲထားသည်ဟု ပညာရေးဝန်ထမ်းများနှင့်နီးစပ်သူများကပြောသည်။

တောင်ကုတ်မြို့နယ်အတွင်း၌ စစ်ရေးတင်းမာနေစဉ် ဒေသခံအများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများရှိ‌နေသည်။ ဌာနဆိုင်ရာဝန်ထမ်းများလည်း နေရပ်အသီးသီးသို့ ပြန်နိုင်ရေးကြိုးစားနေကြပြီး စစ်ကောင်စီက တားမြစ်ထားသည်ဟု စုံစမ်းသိရှိရသည်။

လတ်တလော၌ တိုက်ပွဲများပြင်းထန်နေသည့် သံတွဲမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလွဲ၍ ကျန်ဌာနဆိုင်ရာအရာရှိများ၊ဝန်ထမ်းများသည် မြို့မှထွက်ခွာနိုင်ရေး ကြိုးစားနေသည်ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

စာတည်း – အေးချမ်း