စစ်ရှုံး၍ထွက်ပြေးလာသော ဗိုလ်မှူး ၃ ဦးအပါဝင် စစ်သုံ့ပန်း ၅၉ ဦး ဖမ်းဆီးထားကြောင်း CDF-Daai ထုတ်ပြန်

ပါခွီး

(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒိုင်ရ်နယ်မြေ၌ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို လိုက်လံဖမ်းဆီးရာတွင် ဒုတိယဗိုလ်မှူးကြီးအပါအဝင် အရာရှိအဆင့်လေးဦး အသေဖမ်း မိပြီး ၅၉ ဦး အရှင်ဖမ်းဆီးရမိထားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် (CDF – Daai)က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွင်းတိုက်ပွဲများ၌ အရေးနိမ့်၍ စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ ဖေဖော်ဝါရီလ ၂၈ ရက်အတွင်း လိုက်လံတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးသုံးဦး၊ ဗိုလ်ကြီးရှစ်ဦးအပါဝင် အကြပ်စစ်သည်များကို ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒိုင်ရ်နယ်မြေထဲမှာရှိတဲ့ တောင်ကျောတွေမှာ စစ်ဆင်ရေးလုပ်ခဲ့တာပါ။ စစ်ကောင်စီတပ်မှာ အမိန့်ပေးနိုင်တဲ့ မှန်ကန်ခေါင်းဆောင်မရှိတော့တာကြောင့် တပ်ပျက်ပြီး အလွယ်တကူ ဖမ်းမိခဲ့တာပါ။ သူတို့ကိုတော့ နိုင်ငံတကာစစ်သုံးပန်းဥပဒေအရ ဆောင်ရွက်သွားမယ်” ဟု CDF – Daai အထွေထွေအတွင်းရေးမှူး Ai Bax က မဇ္စျိမကိုပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့သော မွန်တောင်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦး၊ ဗိုလ်တစ်ဦး ၊ တပ်ကြပ်ကြီးနှစ်ဦးအပါအဝင် ရဲဘော် ၁၅ ဦးကို CDF – Daai က ဖမ်းဆီးရမိခဲ့သည်။

တဖန် ဖေဖော်ဝါရီလ ၇ ရက် လောင်းပွီတောင်စစ်ဆင်ရေးကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ပူးတွဲ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်တဦး၊ တပ်ကြပ်ကြီး သုံးဦးအပါအဝင် ၂၃ ဦး လက်နက်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းနေ့တွင်ပင် လိန်းရှိန်းတောင်၌ မိနစ် ၂၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် ခလရ(၂၃၃)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးတစ်ဦးကို အသေဖမ်းဆီးရပြီး ဗိုလ်မှူးတဦး၊ ဗိုလ်ကြီးငါးဦးအပါဝင် ၁၄ ဦး အရှင်ဖမ်းမိကာ CDF မှ ရဲဘော်တဦး ဒဏ် ရာရခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လုံရင်းတောင်နှင့် ၂၁ ရက်နေ့၌ လှောင်အွေတောင်တို့တွင် စစ်ဆင်ရေးပြု လုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးသုံးဦးအပါဝင် ခုနစ်ဦးဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

“အကြမ်းဖက်စစ်ကောင်စီလက်အောက်က တပ်သားတွေအနေနဲ့ စဥ်းစားကြပါ၊ ပြည်သူက လက်မခံတဲ့ ဘယ်လိုလက်နက်ကိုင်အဖွဲ့အစည်းမဆို သူပုန်ပဲ။ ဒါကြောင့် ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ပူးပေါင်းအလင်းဝင်ကြပါ။ ကျနော်တို့ လာတိုက်မှ အလင်းဝင်လက်နက်ချမယ်ဆိုရင် ခင်ဗျားတို့ အသက်ကို တာဝန်ယူမှာမဟုတ်ဘူး” Ai Bax က ပြောသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့များထဲတွင် ဒဏ်ရာအပြင်းထန်ရသူခုနစ်ဦးရှိပြီး ဆေးဝါးကုသပေး လျက်ရှိကာ စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဒိုင်ရ်လူမျိုးများသည် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီမြို့နယ်များအတွင်း နယ်မြေ တဆက်တစပ်တည်း နေထိုင်လျက်ရှိပြီး CDF – Daai သည် ပလက်ဝမြို့နယ်တဝက်ခန့်ကို ထိန်းချုပ် လှုပ်ရှားနေကြောင်းသိရသည်။

ချင်းပြည် (ချင်းလဲန်း)၊ ချင်းလူမျိုးများကိုကာကွယ်စောင့်ရှောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်း နိုင်သည့်အထိ ညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF – Daai ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ