ဗန်းမော် – မန္တလေး လမ်းပေါ်ရှိ ဟန်ထက် စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

ပုံအညွှန်း-KIA သိမ်းပိုက်လိုက်သည့် စစ်ကောင်စီ ဟန်ထက် စစ်စခန်း

ပုံအညွှန်း-KIA သိမ်းပိုက်လိုက်သည့် စစ်ကောင်စီ ဟန်ထက် စစ်စခန်း

အဂမ်

(မဇ္ဈိမ)။ ။ ဗန်းမော် – မန္တလေး လမ်းပေါ်ရှိ ဟန်ထက် စစ်ကောင်စီ စခန်းကို ယနေ့ ဧပြီလ ၅ ရက် မနက်ပိုင်းတွင် KIA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းရောက် KIA သတင်းရင်းမြစ်ကဆိုသည်။

ထိုစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၄ ရက် ညပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးသွား၍ KIA က သိမ်းပိုက်ကာ ယနေ့ မနက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ အရမ်းကြီးထိုးစစ်ဆင်ပြီး တိုက်ခိုက်တာတော့မဟုတ်ဘူး။ အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်တာလောက်ပဲ လုပ်နေတာ။ အခုတော့အားလုံးပြီးပြီ။ ရှေ့မှာ ကျနော်တို့ မံစီမြို့အတွက်က စခန်းနှစ်ခုပဲကျန်တော့တယ်” ဟု KIA သတင်း ရင်းမြစ်ကပြောသည်။

ပုံအညွှန်း-KIA သိမ်းပိုက်လိုက်သည့် စစ်ကောင်စီ ဟန်ထက် စစ်စခန်း

ထိုစခန်းကို ဧပြီလ ၃ ရက် ညပိုင်းတွင် KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင်းရှိ ထိုစခန်းသည် စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၆၀၁) ၏ ရှေ့တန်းစခန်းဖြစ်ကာ မံစီမြို့နှင့် ကိုးမိုင်ခန့်အကွာတွင်တည်ရှိသည်။

ပုံအညွှန်း-KIA သိမ်းပိုက်လိုက်သည့် စစ်ကောင်စီ ဟန်ထက် စစ်စခန်း

ထိုစခန်းမှ စစ်ကောင်စီတပ်သားများသည် အင်အား ၅၀ ကျော်ဝန်းကျင်ဖြင့် လမ်းသွားလမ်းလာပြည်သူများကို ငွေကြေးကောက်ခံလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

မံစီမြို့နယ်တွင်းတွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၁၉) နှင့် ခ.မ.ရ (၆၀၁) တပ်စခန်း သာ KIA က သိမ်းပိုက်ရန် ကျန်ရှိတော့ပြီး လက်ရှိတွင် KIA က ထိုစခန်းများကို တိုက်ခိုက်နေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး