တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်-တရုတ်ပဋိပက္ခများ ပိုမိုဖြစ်ပေါ်လာသဖြင့် သိထားသင့်သည့် အချက် ၅ ချက်

ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောက ဧပြီ ၃၀ရက်က မီးသတ်ပိုက်ဖြင့် ထိုးစဉ် (ဓာတ်ပုံ/ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG)/ AFP)

ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောက ဧပြီ ၃၀ရက်က မီးသတ်ပိုက်ဖြင့် ထိုးစဉ် (ဓာတ်ပုံ/ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG)/ AFP)

Nikkei Asia 

တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ဖိလစ်ပိုင် နှင့် တရုတ်အကြား ဆက်ဆံရေးသည် မကြာသေးမီ သီတင်းပတ်များအတွင်း အနိမ့်ဆုံးရောက်ရှိခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင် အရာရှိများကြား ဖုန်းပြောဆိုမှုကို ယခုလအစောပိုင်းတွင် တရုတ်က ခိုးနားထောင် ခြင်းကလည်း ခေါင်းကြီးသတင်းများ ဖြစ်ခဲ့သည်။ ဖိလစ်ပိုင်အစိုးရ၏ သဘောတူညီမှုဖြင့် ဖိလစ်ပိုင် အရာရှိတဦးက တင်းမာမှုများဖြေလျော့ပေးရန် သဘောတူခဲ့ပုံရပြီး ယင်းမတိုင်မီက တရုတ်က စကာဘာ ရော့ သန္တာကျောက်တန်းအနီးရှိ ဖိလစ်ပိုင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်ကို မီးသတ်ပိုက်ဖြင့် ထိုးကာ တားဆီးရန် ကြိုးပမ်းခဲ့သည်။ 

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခသည် မည်သို့ ကြီးထွားလာပြီး မည်မျှအထိ ဖြစ်ပေါ်သွားနိုင်သနည်း။ ယင်းပွတ်တိုက်မှုများက နှစ်နိုင်ငံကြား လက်နက်ကိုင်ပဋိပက္ခကို ဖြစ်စေနိုင်ပါသလား။ 

ဖိလစ်ပိုင်-တရုတ် တင်းမာမှုနှင့်ပတ်သက်၍ သိထားရမည့်အချက်ငါးချက် ရှိပါသည်။

လက်ရှိ ပွတ်တိုက်မှုများ စတင်ခဲ့ချိန်နှင့် အကြောင်းရင်းများ

တရုတ်လိုလားသူ သမ္မတ ဒူတာတေး ပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်တာဝန်ယူခဲ့သော လက်ရှိ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်တွင် ယင်းပွတ်တိုက်မှုများ စတင်ခဲ့သည်။ 

သို့သော် မားကို့စ်နှင့် တရုတ်ကြား ဆက်ဆံရေးမှာ အစပိုင်းတွင် ဆက်ဆံရေးတင်းမာမှုများ မရှိခဲ့ပေ။ မားကို့စ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံသို့ ၎င်း၏ အရှေ့တောင် အာရှ ပြင်ပနိုင်ငံသို့ ပထမဆုံး နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ဒူတာတေး ချမှတ်ထားခဲ့သည့် သံတမန်ရေးရာ အခြေအနေများကို လိုက်နာလိုပုံပေါ်ခဲ့သည်။ 

တရုတ်ခရီးစဉ်ပြီးနောက် တင်းမာမှုများမြင့်တက်လာခဲ့ပြီး၊ ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်ရှိ ဒုတိယ သောမတ်သန္တာကျောက်တန်းအနီးတွင် ထိပ်တိုက်တွေ့မှု ဖြစ်ပွားချိန်တွင် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောက ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ်သင်္ဘောတစင်းကို စစ်တပ်သုံး လေဆာရောင်ခြည်ဖြင့် ထိုးမှု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားပြီးနောက် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ 

မားကို့စ်က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံသံအမတ်ကြီး ဟွမ်ရှီလန်အား ဆင့်ခေါ်ခဲ့သည်။

ဩဂုတ်လတွင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ကို ခွဲဝေသုံးစွဲသည့် အခြားနိုင်ငံများ၏ ပိုင်နက် နယ်မြေများကို တောင်းဆိုသည့် စံပြမြေပုံကို ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် မလေး ရှားတို့သည် တရုတ်၏ “၁၀-ဒက်ရှ်မျဉ်း” မြေပုံကို ပယ်ချခဲ့ပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်စေ ရန် ဖိလစ်ပိုင်တွင် သံတမန်ရေးရာအခန်းကဏ္ဍအနည်းငယ်သာကျန်တော့သည်။ 

မကြာသေးမီက ပွတ်တိုက်မှုများ 

ယင်းတို့ထဲမှ တခုမှာ ဒုတိယသောမတ်သန္တာကျောက်တန်းဖြစ်သည်။ တရုတ်သည် အငြင်းပွားရေလမ်း ကြောင်းအတွင်း အဆောက်အအုံများ တည်ဆောက်နေခြင်းကြောင့် ဖိလစ်ပိုင်က ယင်း၏ အချုပ်အခြာ အာဏာကို ဖော်ပြသည့်အနေဖြင့် ၁၉၉၉ ခုနှစ်တွင် ဂျိုးဇက် အက်စထရာဒါ သမ္မတဖြစ်သော အခါ ဖိလစ်ပိုင်သည် သံချေးတက်နေသော ဒုတိယကမ္ဘာစစ်အတွင်းက စစ်သင်္ဘော BRP Sierra Madre ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများနှင့် သင်္ဘောအတွက် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းအသစ်များ လိုက်ပါပို့ဆောင်ပေး သည့် မစ်ရှင်များတွင် ၂၀၂၄နှစ် မတ်လအတွင်း တိုက်မိမှုနှင့် မီးသတ်ပိုက်ဖြင့်ထိုးမှု အပါအဝင် တရုတ်၏ အနှောင့်အယှက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ 

ဒုတိယသောမတ်သန္တာကျောက်တန်း နှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ တောင်းဆိုထားခြင်း မရှိသော်လည်း၊ တရုတ်က ယင်းသန္တာကျောက်တန်းသည် ယင်း၏ပိုင်နက်အတွင်းရှိသည်ဟု အခိုင်အမာ ပြောဆိုထားသည်။ ဖိလစ်ပိုင်၏ ရပ်တည်ချက်ကို အမေရိကန်က ထောက်ခံထားသည်။ 

မတ်လတွင် သန္တာကျောက်တန်းရှိ တပ်ဖွဲ့များထံ ရိက္ခာများပေးပို့ရန် သွားရောက်သည့် ဖိလစ်ပိုင်ရေယာဉ် များကို တရုတ်သင်္ဘောများက နှောင့်ယှက်ခဲ့ချိန်တွင် အမေရိကန် နိုင်ငံခြားရေးဌာနက ယင်း၏ မဟာမိတ် ဖိလစ်ပိုင်နှင့်အတူ ရပ်တည်ပြီး အန္တရာယ်ရှိသော လုပ်ရပ်များကို ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန်အတွင်းဖြစ်သည့် စကာဘာရော့သန္တာကျောက်တန်းဝန်းတွင်လည်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ဖေဖော်ဝါရီလတွင် ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ် သင်္ဘော တစင်းကို ယင်း၏ ရေပိုင်နက်အတွင်းသို့ “တရားမ၀င်ကျူးကျော်ဝင်ရောက်ခြင်း” ကြောင့် မောင်းထုတ် သည့် အနေဖြင့် တရုတ်ကမ်းခြေစောင့်သင်္ဘော ရန်စခဲ့သည်။

ဧပြီလ ၃၀ ရက်တွင် ယင်းသန္တာကျောက်တန်းသို့ သွားနေသော ဖိလစ်ပိုင်သင်္ဘောနှစ်စင်းကို တရုတ်က မီးသတ်ပိုက်များဖြင့် ထိုးခဲ့မှုသည် နောက်ဆုံးပွတ်တိုက်မှုဖြစ်သည်။

ဖိလစ်ပိုင်အပေါ် တရုတ်က ယင်း၏ လုပ်ရပ်များကို အရှိန်မြှင့်နိုင်ခြေ

တရုတ်က မီးသတ်ပိုက်များဖြင့် ဖိလစ်ပိုင်ရေယာဉ်များကို တမင်တိုက်ခိုက်ခြင်းကဲ့သို့သော တိုက်ရိုက် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုသည့် ရန်စမှုပြလုပ်နေသည့် မီးခိုးရောင်ဇုန်နည်းဗျူဟာကို တရုတ်က ကျင့်သုံးနေသည်။ 

သံချောင်းကိုပင် ကွေးစေနိုင်သည့် မီးသတ်ပိုက်ဖြင့် ထိုးမှု ဧပြီ ၃၀ ရက်က ပိုမိုပြုလုပ်လာခဲ့သည်။ ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့် သင်္ဘောများ နစ်မြုပ်နိုင်လောက်အောင် အင်အားပြင်းထန်သည့် သင်္ဘောနှင့် တိုက်မှုကဲ့သို့သော နည်းဗျူဟာများဖြင့် တရုတ်က ပိုမိုအရှိန်မြှင့်နိုင်ပါသလား။

မနီလာရှိ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြံပေးအဖွဲ့ တည်ထောင်သူ ချက်စတာ ကဘယ်ဇာက တင်းမာမှုများတိုးမြှင့်ပြုလုပ်ရန် တရုတ်က ယုံကြည်မှုမရှိသေးကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ လက်ရှိ မတည်ငြိမ်သော စီးပွားရေးအခြေအနေ များကြောင့် တရုတ်က မီးခိုးရောင်ဇုန်နည်းဗျူဟာကို ဆက်လက်ကျင့်သုံးနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ 

တရုတ်က ရန်စနေသော်လည်း ဖိလစ်ပိုင်က ယင်း၏ မစ်ရှင်များတွင် သတင်းထောက်များကို ဖိတ်ကြား ခြင်း၏ ပွင့်လင်းမြင်သာမှုဗျူဟာကို အသုံးပြုခြင်းမှတပါး တရုတ်သင်္ဘောများကို လက်တုံ့ပြန်ခြင်းမှ ရှောင်ကြဉ်ကာ ချုပ်တည်းမှုလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ ဤသည်မှာ လူထုနှင့် နိုင်ငံတကာအသိုင်း အဝိုင်း၏ အမြင်တွင် ရန်လိုသူနှင့် ခုခံကာကွယ်သူ မည်သူဖြစ်သည်ကို ရှင်းလင်းစွာ သိမြင်စေရန်အတွက် ဖြစ်သည်။

နည်းဗျူဟာ ကန့်သတ်ချက်ကြောင့် တရုတ်က တခြားချည်းကပ်မှုများကိုလည်း အသုံးပြုနိုင်ပြီး၊ ယင်း တွင် တာဝန်ရှိသူများအကြား ဖုန်းပြောဆိုမှု ပေါက်ကြားမှုများပါဝင်ပြီး၊ ယင်းပေါက်ကြားမှုတွင် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးနှင့် တရုတ်သမ္မတ ရှီကျင်ဖျင်တို့အကြား နှုတ်ကတိပေးမှုပါဝင်ပြီး ဒူတာတေးက ဒုတိယသောမတ်သန္တာကျောက်တန်းတွင် အဆောက်အအုံများကို ပြုပြင်တည်ဆောက် ခြင်းများ မပြုလုပ်ဟု ကတိပြုထားကြောင်း တရုတ်က ဆိုထားသည်။

ယင်းအချက်များကို ဖိလစ်ပိုင်အစိုးရက အသိအမှတ်မပြုပေ။ 

ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများသည် ရေတပ်များကြား စစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါ သလား။ 

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်ဂျေးတာလီရာက ပဋိပက္ခသည် ဒေသတွင်း ကုန်သွယ်မှုကို ထိခိုက်စေမည်ဖြစ်သောကြောင့် ဖိလစ်ပိုင်သည် တရုတ်နှင့် မည်သည့်စစ်ပွဲကိုမျှ မဖြစ်လို ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် တရုတ်ကြားတွင် လေကြောင်းနှင့် ရေတပ်အင်အား ကွာဟချက်မှာ ကြီးမားသည်။ တရုတ်က ဖိလစ်ပိုင်ထက် လေယာဉ် ၁၇ ဆနီးပါး ပိုမိုပိုင်ဆိုင်ထားပြီး ရေတပ်အင်အားတွင် ၆ ဒသမ ၆ ဆ ပိုသာနေ ကြောင်း GlobalFirepower.com မှ အချက်အလက်များက ဖော်ပြခဲ့သည်။

ဟာဝိုင်အီရှိ နိုင်ငံတကာပစိဖိတ်ဖိုရမ်မှ ဒါရိုက်တာ မတ်ခ်မာနန်တန်က ဖိလစ်ပိုင်က တရုတ်နှင့် စစ်မဖြစ် သင့်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အတွက် အကြံပြုချက်များ

မားကို့စ်အစိုးရထံမှ ပညာရှင်များက မျှော်လင့်ထားသည့် တုံ့ပြန်မှုများမှာ များစွာ ကွဲပြားလှသည်။ ပစိဖိတ်ဖိုရမ်မှ မာနန်တန်က “ဖိလစ်ပိုင်သည် ယင်း၏ EEZ ကို တရုတ်နိုင်ငံသို့ လွှဲအပ်ပါက ကျင့်ဝတ်သိက္ခာပိုင်း၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ နယ်ပယ်များ ဆုံးရှုံးလိမ့်မည်ဖြစ်သောကြောင့် ကာကွယ်ရမည်ဖြစ်ကြောင်း ဆိုသည်။ 

ဖိလစ်ပိုင်သည် တရုတ်၏ သတင်းအချက်အလတ်စစ်ပွဲနှင့် မီးခိုးရောင်ဇုန်လုပ်ဆောင်မှုများ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရချိန်တွင်လည်း “တည်တည်ငြိမ်ငြိမ်ရှိသင့်သည်” ဟု အကြံပြုထားသည်။ သံခင်းတမန်ခင်းနှင့် စစ်ရေးတိုးချဲ့မှုများကိုလည်း အကြံပြုထားသည်။

မနီလာရှိ အမာဒေါသုတေသနဌာန၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျူလီရို အမာဒေါက ယင်းနှစ်ခုစလုံး သည် အမျိုးသားမဟာဗျူဟာ၏ အစိတ်အပိုင်း ဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

သံတမန်ရေးအရ ပံ့ပိုးကူညီသောနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို ပစ်မှတ်ထားသင့်သော်လည်း၊ အချိုးမညီနှင့် သမားရိုးကျစွမ်းရည်များကို မြှင့်တင်ပေးသည့် စစ်တပ်သည် မဟာဗျူဟာ၏ “အစိတ်အပိုင်းတခု” ဖြစ်သင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်စစ်ရေးအသုံးစရိတ်သည် ၂၀၂၃ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၁ဒသမ ၂ရာခိုင်နှုန်း ဖြစ်ပြီး ယင်းသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား ၀ ဒသမ ၆၈ရာခိုင်နှုန်းနှင့် Malaysia ၀ ဒသမ ၉၃ရာခိုင်နှုန်းထက် များသော်လည်း စင်ကာပူ ၂ ဒသမ ၆၆ရာခိုင်နှုန်း နှင့် တရုတ် ၁ ဒသမ ၆၇ရာခိုင်နှုန်း ထက် နည်းပါးနေသေးကြောင်း စတော့ဟုမ်းနိုင်ငံတကာသုတေသနအဖွဲ့က ဖော်ပြခဲ့သည်။

တရုတ်၏ ခြိမ်းခြောက်မှုများ ပိုမိုခံလာရသည့် ထိုင်ဝမ်ကလည်း ယင်း၏ GDP ၏ ၂ ဒသမ ၁၇ ရာခိုင်နှုန်း နှင့် ညီမျှသော ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၃ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ယင်းအချိုးသည် ၂၀၂၄ ခုနှစ်တွင် GDP ၏ ၂ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။ 

ပင်စင်အသုံးစရိတ်ကို လျှော့ချခြင်းဖြင့် အစိုးရသည် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သင့်သည်ဟု အမာဒေါက အကြံပြုထားသည်။

 “အထူးသဖြင့် ဘတ်ဂျက်ကို လက်နက်နဲ့ နည်းပညာများရယူခြင်းအတွက် အသုံးပြုမယ်ဆိုရင် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးအစီအစဉ်က လက်တွေ့ဆောင်ရွက်ရေး မဟာဗျူဟာနဲ့ အညီဖြစ်ရမှာဖြစ်ပြီး လက်ရှိစနစ်နှင့် ပေါင်းစပ်ရပါမယ်။” ဟုမနီလာမြို့ရှိ ဒီလာဆယ်လီတက္ကသိုလ်မှ လေ့လာသူနှင့် ကထိက ဒွန်မတ်လိုင်းဂယ်လ်က ပြောကြား ခဲ့သည်။