လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် တရုတ်မှ စာတမ်း ၁၈ စောင်ကို မျိုးရိုးဗီဇဂျာနယ်မှ ပြန်လည်ရုပ်သိမ်း

ပြန်လည်ရုပ်သိမ်းလိုက်သော စာတမ်းအချို့သည် လူ့အခွင့်အရေး ခြိမ်းခြောက်ခံနေရသော ရှင်ကျန်းနှင့် တိဗက်မှ DNA နမူနာများကို အခြေခံ၍ သုတေသန ပြုထားသည်။ Photograph: Pedro Pardo/AFP/Getty Images

The Guardian

လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် တရုတ် မှ စာတမ်း ၁၈ စောင်ကို မျိုးရိုးဗီဇဂျာနယ် များ၏ ထိပ်တန်းသိပ္ပံဂျာနယ် ထုတ်ဝေသူ မှ ပြန်လည်ရုတ်သိမ်းခဲ့ပြီး ၎င်းသည် ပညာရေးဆိုင်ရာ အကြီးမားဆုံး သုတေသနစာတမ်းများ ပြန်လည်ရုတ်သိမ်းခြင်းဖြစ်သည်။

ဆောင်းပါးများကို အမေရိကန် ပညာရေး ဆိုင်ရာ ထုတ်ဝေရေး ကုမ္ပဏီ Wiley မှ ထုတ်ဝေသော မျိုးရိုးဗီဇ ဂျာနယ် Molecular Genetics & Genomic Medicine (MGGM) မှ ထုတ်ဝေခဲ့သည်။ ဂျာနယ် အယ်ဒီတာချုပ် စူဆန်နီ ဟာတ် နှင့် ထုတ်ဝေရေးကုမ္ပဏီတို့ကြား သဘောတူညီမှုရရှိပြီးနောက် ယခုသီတင်းပတ်အတွင်း စာတမ်းများ ပြန်လည်ရုပ်သိမ်းခဲ့သည်။ ပြန်လည်သုံးသပ်မှု ကို နှစ်နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ပြီး သုတေသီများ ရှာဖွေပေးသော သဘောတူညီချက် စာရွက်စာတမ်းများ နှင့် သုတေသန လုပ်ငန်းများ ကြား “မကိုက်ညီမှုများ” ကို စစ်ဆေး တွေ့ရှိခဲ့သည်။

မတူညီသော သိပ္ပံပညာရှင်များ ပြုစုထားသော အဆိုပါ စာတမ်းများသည် တရုတ်ရှိ လူဦးရေများထံမှ စုဆောင်းထားသော DNA နမူနာများ ကောက်ယူသည့် သုတေသနအပေါ် အခြေခံထားသည်။ အချို့သော သုတေသန လုပ်ငန်းများတွင် သုတေသီများသည် တရုတ်ရှိ ထိခိုက်လွယ်သော ဖိနှိပ်ခံ လူများထံမှ နမူနာ ရယူခြင်းများသည် ၎င်းတို့၏ လွတ်လပ်သော ဆန္ဒအရ မဖြစ်နိုင်သောကြောင့် လက်ခံရန် မသင့်ကြောင့် ကျွမ်းကျင်သူများနှင့် လူအခွင့်အရေး ဦးဆောင်သူများက စိုးရိမ်ကြသည်။

သုတေသီအများအပြားသည် တရုတ်ရှိပြည်သူ့လုံခြုံရေး အာဏာပိုင်များနှင့် ပတ်သက်မှု ရှိနေပြီး “အခမဲ့ အသိပေး သဘောတူခွင့်ပြုချက် ပျက်ပြယ်သည်” ဟူသော အချက် ကို ဘယ်လ်ဂျီယမ်နိုင်ငံ Leuven တက္ကသိုလ်မှအင်ဂျင်နီယာပါမောက္ခ ယဗ်စ် မော်ရူး က ပြောကြားသည်။ စာတမ်းများနှင့် ပတ်သက်၍ စိုးရိမ်မှုကို ၂၀၂၁ မတ်တွင် MGGM အယ်ဒီတာချုပ် ဟာတ့် ကို မော်ရူးက ပထမဆုံးတင်ပြခဲ့သည်။

ရုပ်သိမ်းထားသော စာတမ်းတစောင်သည် တိဗက်မြို့တော် လာဆာရှိ လူ ၁၂၀ ထံမှ သွေးနမူနာများကို အသုံးပြု၍ တိဘက်လူမျိုးများ၏ DNA ကို လေ့လာခဲ့သည်။ စာတမ်းတွင် “လူတစ်ဦးချင်းစီတိုင်းသည် စာဖြင့် ရေးသားထားသော သဘောတူညီချက်ကို ပေးသည်” ဟုဖော်ပြထားပြီး အဆိုပါ နမူနာ ရယူခြင်းကို Fudan တက္ကသိုလ်ကျင့်ဝတ်ကော်မတီမှ အတည်ပြုထားသည်။

သို့သော် ကျင့်ဝတ်ဆိုင်ရာ ပြန်လည်သုံးသပ်မှုအရ “ခွင့်ပြုချက်စာရွက်စာတမ်းနှင့် သုတေသန အစီရင်ခံချက်တို့ကြား မကိုက်ညီမှုများကို ဖုံးကွယ်ထားကြောင်း၊ ပေါ်ပေါက်လာသော စိုးရိမ်မှုများကို ဖြေရှင်းရန် စာရွက်စာတမ်းအထောက်အထားများ တွင် လုံလောက်သော အသေးစိတ်အချက်အလက်များ မပါရှိ” ကြောင်း ဖေဖော်ဝါရီ ၁၂ က ထုတ်ပြန်ခဲ့သော ပြန်လည် ရုပ်သိမ်းရေး သတိပေးချက်တွင် ဖော်ပြခဲ့သည်။

လေ့လာမှုနှင့် သက်ဆိုင်သော စာရေးဆရာ ဇီကျန်းဟွေ သည် ရှန်ဟိုင်းရှိ Fudan တက္ကသိုလ် မှုခင်းဆေးပညာဌာနမှဖြစ်သည်။ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဇီ မှ တုံ့ပြန်ခြင်းမရှိသော်လည်း ၎င်း နှင့် တွဲဖက်စာရေးဆရာများက ပြန်လည်ရုပ်သိမ်းခြင်းကို သဘောမတူကြောင်း ရုပ်သိမ်းရေး သတိပေးချက်တွင် ဖော်ပြထားသည်။

ဇီ ၏ တွဲဖက်စာရေးဆရာ အများအပြားသည် တိဗက် ပြည်သူ့လုံခြုံရေးအာဏာပိုင်များ အပါအဝင် တရုတ် ပြည်သူ့လုံခြုံရေးအာဏာပိုင်များနှင့် ဆက်နွယ်မှုရှိသည်။ တိဗက်သည် တရုတ်တွင် အနီးကပ် စောင့်ကြည့်ကြပ်မတ်ခံရမှု အဆိုးဆုံး ဒေသများထဲမှ တခုဟု သတ်မှတ်ခံထားရသည်။ အဆိုပါဒေသတွင် အာဏာပိုင်များသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု၊ ထုတ်ဖော်ပြောဆိုမှု၊ လှုပ်ရှားမှုနှင့် စုဝေးခွင့်တို့ကို ပြင်းထန်စွာ တားမြစ်ထားကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များက Human Rights Watch ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြန်လည်ရုပ်သိမ်းလိုက်သော သုတေသန စာစောင်များတွင် ရှင်ကျန်း ပြည်နယ် ကာရှ်ဂါ ‌မြို့တော် ရှိ ဝီဂါ လူမျိုး ၃၄၀ ထံမှ သွေးနမူနာများ ရယူ၍ တဦးချင်းစီ ၏ သွေး နှင့် အခြားဒေသများမှ ဝီဂါများကြား မျိုးရိုးဗီဇဆိုင်ရာ ဆက်စပ်မှုများကို လေ့လာခဲ့သည်။ အချက်အလက်များသည် “မှုခင်းဆိုင်ရာ DNA နှင့် လူဦးရေမျိုးရိုးဗီဇ” အတွက် ရင်းမြစ်တခု ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ပြန်ရုပ်သိမ်းထားသော စာတမ်းများအားလုံးကို ၂၀၁၉ မှ ၂၀၂၁ အတွင်း ထုတ်ဝေခဲ့သည်။ MGGM ရှိ စာတမ်းများနှင့် ပတ်သက်၍ စိုးရိမ်မှုများ ကို မော်ရူး က ထုတ်ဖော်ပြီးနောက် ၂၀၂၁ တွင် ဂျာနယ်၏ အယ်ဒီတာ ၂၅ ဦးအနက် ရှစ်ဦး ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဂျာနယ်၏ အယ်ဒီတာချုပ် ဟတ် က ရာထူးတွင် ဆက်ရှိနေခဲ့သည်။ ဟတ် နှင့် MGGM တို့သည် မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပေ။

MGGM ကို အလယ်အလတ်အဆင့် မျိုးရိုးဗီဇဆိုင်ရာ စာတမ်းများ ထုတ်ဝေမှုအဖြစ် အချို့က ယူဆကြသည်။ ၎င်းသည် သက်ရောက်မှု အချက် တိုင်းတာချက် ၂ ဒသမ ၄၇၃ ရှိပြီး ထိပ်တန်း ဂျာနယ်များ၏ ၄၀ % တွင် အကြမ်းဖျင်း ပါဝင်သည်။ ၎င်းကို အင်္ဂလိပ်ဘာသာ ဂျာနယ်များတွင် ပါဝင်လိုသော တရုတ်သုတေသီများအတွက် ဆွဲဆောင်မှုတခု ဖြစ်နိုင်သည်ဟု University College London မှ မျိုးရိုးဗီဇဆိုင်ရာ ပါမောက္ခ ဒေးဗစ် ကာတစ် က ပြောကြားသည်။ ထုတ်ဝေသူက DNA စုဆောင်းခြင်းနှင့် ပတ်သက်သည့် ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုများအပါအဝင် တရုတ်သိပ္ပံပညာကို သပိတ်မှောက်ရန် တောင်းဆိုခဲ့ပြီးနောက် ကာတစ် သည် အခြား Wiley ထုတ်ဝေသည့် ဂျာနယ် ဖြစ်သော Annals of Human Genetics ၏ အယ်ဒီတာချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။

MGGM က ၎င်း ၏ နယ်ပယ်သည် လူသား၊ မော်လီကျူး နှင့် ဆေးဘက်ဆိုင်ရာ မျိုးရိုးဗီဇ ဖြစ်သည်ဟု ဖော်ပြထားသည်။ ၎င်းသည် အကြားအာရုံဆုံးရှုံးမှုနှင့် ဆက်စပ်သော မျိုးရိုးဗီဇ ချို့ယွင်းချက် နှင့် ပတ်သက်သည့် စာတမ်းကဲ့သို့ မျိုးရိုးဗီဇဆေးပညာ အသုံးချမှုဆိုင်ရာ လေ့လာမှုများကို အဓိက ထုတ်ဝေသည်။ အခြားသော မှုခင်းဆေးပညာဆိုင်ရာ မျိုးရိုးဗီဇဂျာနယ်များသည် တရုတ်ရှိ ထိခိုက်လွယ်သော လူနည်းစုများထံမှ DNA နမူနာများကို အခြေခံ၍ သုတေသနပြု ထုတ်ဝေခြင်းအတွက် ပိုမိုစိစစ်မှုကို စတင်ရင်ဆိုင်နေရချိန်တွင် တရုတ်မှ မှုခင်းဆေးပညာဆိုင်ရာ မျိုးရိုးဗီဇ သုတေသနများ ထုတ်ဝေရန် ရုတ်တရက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း မော်ရူး က ပြောသည်။ မှုခင်းဆေးပညာဆိုင်ရာ မျိုးရိုးဗီဇကို အထူးပြုခြင်းမရှိသော MGGM ကဲ့သို့သော အလယ်အလတ်တန်းစား ဂျာနယ်များထံ အငြင်းပွားဖွယ်ရာ သုတေသနများ ပိုမို တွန်းပို့နိုင်ကြောင်း ၎င်း က ပြောသည်။

“မှုခင်းဆိုင်ရာ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှု နှင့် သက်ဆိုင်သော လေ့လာမှုများ ကို ထည့်သွင်း စဉ်းစားထားခြင်း မရှိကြောင်း” MGGM က သတင်းထုတ်ပြန်သည်။ ဂျာနယ်၏ ရည်ရွယ်ချက်များကို အယ်ဒီတာ့အာဘော် သုံးသပ်ပြီးနောက် အဆိုပါ သတိပေးချက်ကို ၂၀၂၃ တွင် ထည့်သွင်းခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်ရှိ လူတဦးချင်းထံမှ DNA သို့မဟုတ် အခြားသော ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို အသုံးပြုသည့် သုတေသနပြုမှုများ ကြီးထွားလာခဲ့ပြီး အထူးသဖြင့် ထိခိုက်လွယ်သော လူဦးရေများထံမှ ဖြစ်သည်။ တရုတ် အနောက်မြောက်ပိုင်းရှိ ရှင်ကျန်းဒေသတွင် နေထိုင်သော ဝီဂါ နှင့် အာဇက်ခ် လူမျိုးများ၏ သွေးနှင့် တံတွေးနမူနာများကို အခြေခံထားသော သုတေသန ဆောင်းပါးကို ဒတ်ခ်ျပညာရှင် အဲလ်စီဗီယာ က ၂၀၂၃ တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ပြန်လည်ရုတ်သိမ်းခဲ့သော ပညာရေး ဆိုင်ရာ ဆောင်းပါးများ အားလုံးကို စာရင်းတင်သွင်းရန် တရုတ်အစိုးရ ၏ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ရက်ပိုင်းအလိုတွင် Wiley မှ အဆိုပါ သုတေသန ဆောင်းပါးများကို ပြန်လည်ရုတ်သိမ်းကြောင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ယမန်နှစ်က ပြန်လည်ရုပ်သိမ်းရေး သတိပေးချက် ၁၄,၀၀၀ နီးပါးကို ထုတ်ပြန်ခဲ့ပြီး ယင်းတို့အနက် လေးပုံ သုံးပုံတွင် တရုတ်တွဲဖက်စာရေးဆရာတဦး ပါဝင်ခဲ့ကြောင်း Nature သိပ္ပံဂျာနယ် မှ လေ့လာသုံးသပ်ချက်အရ သိရသည်။

“ဒီကိစ္စကနေ ကျွန်တော်တို့ ဆက်လက်သင်ယူနေပါတယ်။ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းခြင်းက ကျွန်တော်တို့ရဲ့ မူဝါဒ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ တန်ဖိုးရှိပါတယ်” ဟု Wiley ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။

“စာတမ်းများစွာပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ သက်ဆိုင်သူတွေ နဲ့ အဖွဲ့အစည်းတွေဟာ သိသာထင်ရှားတဲ့ အားထုတ်ကြိုးပမ်းမှုတွေ လိုအပ်ပြီး ပါဝင်ပတ်သက်သူ အားလုံးကလည်း အချက်အလက်တွေကို ညှိနှိုင်းခွဲခြမ်းစိတ်ဖြာခြင်းအပြင် အချက်အလက်တွေ ဘာသာပြန်ဆိုရာ မှာလည်း နှောင့်နှေးတက်ကြတယ်။ ဒါက အချိန်အများကြီးယူရတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်လုပ်ဖို့ အမြဲတမ်း ရည်ရွယ်ပါတယ်။” ဟု ၎င်း က ဆိုသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်သည် စုစုပေါင်း သုတေသန တွေ့ရှိချက် ရလဒ်များတွင် ဥရောပ နှင့် အမေရိကန် ကို ကျော်လွန်သွားခဲ့ပြီး ၎င်း အကျိုးသက်ရောက်မှုသည် အမေရိကန် ၏ တွေ့ရှိချက် ကို အမီလိုက်ခြင်း လည်း ဖြစ်သည်။