ပလက်ဝမြို့ တရွန်အိုင်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၅ ဦးသေဆုံး

ပုံအညွှန်း။ ။ ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာနှင့်အနီးပတ်ဝန်ကျင်အားတွေ့ရစဥ်( ပုံဟောင်း)/ ဓာတ်ပုံ။ ။CJ

ကိုခင်မောင်
မဇ္စျိမ။ ။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ငါးဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (မေလ ၂၁ရက်) ညနေ ၄နာရီအချိန်ခန့်တွင် တရွန်အိုင်ရွာကို ဂျက်ဖိုက်တာတစီးဖြင့် သုံးကြိမ်တိတိ ဗုံးကြဲချတိုက်ခိုက်၍ ဒေသခံများသေဆုံးသွားခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေးများအပါအဝင် ဒေသခံ ၁၀ဦးလည်း ထိခိုက်ဒဏ်ရာများအသီးသီးရရှိသွားကြောင်း ဒေသခံတဦးက မဇ္စျိမအားပြောသည်။
“မနေ့က တရွန်အိုင်ဈေးတန်းမှာ လူစည်နေတဲ့အချိန်လာပစ်သွားတာဗျ။ အဲ့မှာ လူနေအိမ်တလုံးနဲ့ ဆိုင်ခန်းတခန်းလည်းပျက်စီးသွားတယ်။ မီးလောင်သွားတာပါ။ ဒဏ်ရာရသူအများစုက ဒဏ်ရာပြင်းထန်ကြတယ်။လက်ရှိမှာတော့ သူတို့က ဆေးကုသမှုခံယူနေတယ်။” ဟု ဒေသခံတဦးမှ မဇ္စျိကိုပြောသည်။
သေဆုံးသွားသူများတွင် ဦးမောင်သိန်းနိုင် (အသက် ၃၂)နှစ်၊ ဦးအောင်ထွန်း (အသက် ၆၇)နှစ်၊ မစန္ဒာ (အသက် ၁၇)နှစ်၊ ဒေါ်လှခိုင်ဦး (အသက်၄၇နှစ်) နှင့် ဦးအောင်ကျော်ညွှန့် (အသက်၃၃နှစ်)တို့ဖြစ်ကြောင်း အဆိုပါဒေသခံထံမှ သိရသည်။
ထို့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားရှစ်ဦး စုစုပေါင်း ၁၀ဦးသည် ဗုံးဆထိမှန် ဒဏ်ရာများရရှိသွားကာ ဒဏ်ရာများပြင်းထန်ကြကြောင်း ဒေသခံက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၄ရက်နေ့တွင် အိမ်ခြေ ၁၀၀ကျော်ရှိသော တရွန်အိုင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းကို အာရက္ခတပ်တော် (AA) သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင်လည်း ပလက်ဝမြို့နယ်၊ ဟုမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံခုနစ်ဦးသေဆုံးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)