တိဘက် ရှင်ကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်ပမီဒီယာများတွင် ဖော်ပြခြင်းအား တရုတ် တားဆီး

Greek City Times

တရုတ်သည် ဟန်လွှမ်းမိုးချုပ်ကိုင်မှုကို ထူထောင်ရန် ကြိုးစားရာတွင် လူနည်းစု တိုင်းရင်းသားများအပေါ် ပိုမို ဖိနှိပ်လာပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဥ်များကို ပြည်ပမီဒီယာတွင် ဖော်ပြခြင်းအား တားဆီးရန် တရုတ်ကွန်မြူနစ်ပါတီက နည်းလမ်းများစွာ ကြံဆလျက်ရှိသည်။

တရုတ်မီဒီယာများသည် ပြင်းပြင်းထန်ထန် ဆင်ဆာဖြတ်တောက်ခံရသည်။ အဆိုပါရက်စက်ယုတ်မာမှုများကို အခြားနိုင်ငံရှိ သတင်းစာများ၊ သတင်းအေဂျင်စီများနှင့် ရုပ်မြင်သံကြားများတွင် မဖော်ပြရန် တားမြစ်ထားပြီး တရုတ်ကွန်မြူနစ်ပါတီ (CCP) အနေဖြင့် တရုတ်ကို တိုးတက်သောနိုင်ငံအသွင် အတုအယောင် စီမံကိန်းများ ဖန်တီးရန် ကြိုးစားသည်။

တိဗက်နှင့် ရှင်ကျန်းဒေသ သတင်းများ ရေးသားဖော်ပြသော နိုင်ငံခြား သတင်းထောက်များ၏ အတွေ့အကြုံများအရ တိဗက်နှင့် ဝီဂါများ၏ နယ်မြေအသီးသီးသည် ယခုအခါ တရုတ်၏တရားမ၀င် ထိန်းချုပ်မှုအောက်တွင်ရှိပြီး နိုင်ငံခြားမီဒီယာများအား တရုတ်ကွန်မြူနစ်ပါတီက က မည်သို့ ထိန်းချုပ်မည်ကို ဆန်းစစ်ရာတွင် နှစ်မျိုး တွေ့ရသည်။ တခုမှာ အဆိုပါ ဒေသများသို့ ပြည်ပသတင်းထောက်များ လာရောက်လည်ပတ်ခြင်းအား တားဆီးခြင်းဖြင့် ပြင်ပကမ္ဘာသို့ သတင်းအချက်အလက်များ စီးဆင်းမှုကို ရပ်တန့်ရန်ဖြစ်သည်။ နောက်တခုမှာ ပြည်ပမီဒီယာများသို့ သတင်းအတုများ ဖြန့်ဝေခြင်း၊ နိုင်ငံအသီးသီးရှိ သတင်းထောက်များကို အယူဝါဒ မှိုင်းတိုက်ခြင်း နှင့် ပြင်းထန်သော ဥပဒေများဖြင့် ခြိမ်းခြောက်ခြင်းဖြစ်သည်။

“တိဗက်သည် သတင်းလွတ်လပ်ခွင့်အတွက် ကမ္ဘာပေါ်တွင် တင်းကျပ်ဆုံးနေရာများထဲမှ တခုဖြစ်ပြီး သတင်းအချက်အလက်များကို အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် တရုတ်အစိုးရမှ တင်းကျပ်စွာ ထိန်းချုပ်ပြီး ဆင်ဆာဖြတ်သည်” ဟု ကမ္ဘာလုံးဆိုင်ရာ ပညာရပ် စာအုပ်များနှင့် ဂျာနယ်ထုတ်ဝေသူ Sage မှ သုတေသနစာတမ်းတစောင်က ဆိုသည်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်ပြီး တိဗက်ဒေသများသို့ သတင်းပို့သည့် နိုင်ငံခြား သတင်းထောက်များအပေါ် အထူးကန့်သတ်ချက်များ ချထားသည်။ သတင်းရင်းမြစ်အဖြစ် ဆောင်ရွက်သော တိဗက်လူမျိုးများကို နှိပ်စက်ညှဉ်းပန်းသည်။ တိဗက်သို့ သွားရောက်လည်ပတ်ရန် နိုင်ငံခြား သတင်းထောက်များအသင်းမှ တောင်းဆိုချက်များကို တရုတ် က ငြင်းဆိုလေ့ရှိသည်။ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့ နိုင်ငံခြား သတင်းထောက်များ၏ ခရီးစဉ်များသည် အာဏာပိုင်များမှ အနီးကပ် ကြီးကြပ်ပြီး ညှိနှိုင်းပေးသော အဖွဲ့လိုက် ခရီးစဉ်များ အနည်းငယ်သာ ရှိသေးသည်။

တိဗက်ရှိ အခြေအနေမှန်များကို အခြားနိုင်ငံများသို့ သတင်းအချက်အလက် ဖြန့်ဝေခြင်းကို တားဆီးရန် ကွန်ရက်ပိတ်ခြင်း၊ အင်တာနက်တွင် စစ်ဆေးခြင်း၊ ဆိုရှယ်မီဒီယာ ဆင်ဆာဖြတ်ခြင်း၊ ဂြိုဟ်တုများ သိမ်းဆည်းခြင်းနှင့် လှိုင်းတိုရေဒီယို အချက်ပြမှု ပြတ်တောက်ခြင်းတို့ လုပ်သည်။ ခွင့်ပြုချက်မရှိဘဲ သတင်းထောက်များနှင့် တွေ့ဆုံသူများကို အရေးယူလေ့ရှိသည်။ ၂၀၁၅ တွင် ဘေဂျင်း၌ New York Times သတင်းထောက်နှင့် စကားပြောဆိုခဲ့သော တာရှိ ဝမ်ချောက် အမှုကို ‘ခွဲထွက်ရေး လှုံ့ဆော်ခြင်း’ ဖြင့် ၂၀၁၈ ခုတွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။ “တချို့အမှုတွေကို တရားစွဲဆိုပြီး ထောင်ဒဏ် သုံးနှစ်မှ ၁၆ နှစ်အထိ ချမှတ်ခဲ့တယ်” ဟု ပြည်ပရောက် တိဗက် သတင်းထောက်တဦး က ပြောသည်။

ဝီဂါမွတ်စ်လင်မ်များအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ များကို နိုင်ငံတကာသို့ ထုတ်ဖော်ရာတွင် တရုတ် က တားဆီးပိတ်ပင်ခဲ့သော အတွေ့အကြုံကို ၂၀၁၉ တွင် Albanian-Canadian သမိုင်းပညာရှင်နှင့် သတင်းထောက် ဖြစ်သူ အိုလစ်ဂျာဇက်ဟီ က Al-Jazeera တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျာဇက်ဟီ သည် ရှင်ကျန်းဒေသသို့ နိုင်ငံခြား သတင်းထောက်များ၏ မီဒီယာခရီးစဉ်တွင် ပါဝင်ခဲ့သည်။

ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သတင်းပေးပို့ခြင်းကို ထိန်းချုပ်ရန် တရုတ်အစိုးရ၏ သိမ်မွေ့သော နည်းလမ်းများကို Associated Press သတင်းထောက်ဖြစ်သူ ယမ်နန် ဝမ် က ဟောပြောခဲ့သည်။

ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ အလည်အပတ်သွားရောက်ရာတွင် ဘီဘီစီအဖွဲ့တဖွဲ့သည် ဆိုးရွားသော အတွေ့အကြုံတခုရှိခဲ့သည်။ “ရှင်ကျန်း တွင် ၇၂ နာရီထက်နည်းတဲ့ အချိန်အတွင်းမှာ ဘဲ ကျွန်တော် တို့ကို အဆက်မပြတ် စောင့်ကြည့်နေပြီး တခါတရံ လူမြင်ကွင်းမှာ သတင်း ရယူ ရိုက်ကူးခြင်းကို တားမြစ်ဖို့ ကြိုးပမ်းသူတွေကို သီးခြားအချိန် ပေးပြီး ချဉ်းကပ်ခဲ့ရတယ်။ ဒေသခံများကို ကင်မရာရှေ့သို့ ရောက်လာစေရန် ကြိုးပမ်းမှုများ တားဆီးခံရပြီး လျှို့ဝှက်ချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲခံရသည်။ ရဲအရာရှိများက ကျွန်တော်တို့ ဗီဒီယိုဖိုင် ကို နှစ်ကြိမ်တိုင် ဖျက်ဆီးခဲ့ပြီး အခြားတကြိမ်တွင် လယ်သမားတဦး၏ အခွင့်အရေးကို ချိုးဖောက်ခဲ့သည်ဟုဆို၍ ခေတ္တမျှ ထိန်းသိမ်းခံခဲ့ရသည်။ “တရုတ်၏ ဝါဒဖြန့် အားထုတ်ခြင်းသည် ရှင်ကျန်း၏ နိုင်ငံတကာ ဂုဏ်သိက္ခာကို ထိခိုက်စေ”ကြောင်း ဘီဘီစီ က ထုတ်ဖော်ခဲ့သည်။

တရုတ်သည် နိုင်ငံခြား သတင်းထောက်များကို နှင်ထုတ်ခြင်းအပြင် ခါးပတ်လမ်းစီမံကိန်း(BRI) တွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများရှိ နိုင်ငံတကာ မီဒီယာများတွင် မျက်နှာသာပေးဖော်ပြမှုအတွက် သြဇာလွှမ်းမိုးရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်သည် နိုင်ငံခြားသတင်းထောက်များအတွက် ဖလှယ်ရေးအစီအစဉ်များ၊ တရုတ်မြို့ကြီးများတွင် သတင်းထောက်များအတွက် သင်တန်းများ၊ တရုတ်မီဒီယာ သမဂ္ဂများရှိ နိုင်ငံခြား သတင်းထောက်များနှင့် ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်လေ့ရှိသည်။ တရားဝင် ဝါဒဖြန့်ထားသော မီဒီယာဆိုင်ရာ အကြောင်းအရာများကို နိုင်ငံခြား သတင်းထောက်များသို့ အခမဲ့ ပေးသည်။ မီဒီယာများနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ပြည်တွင်းအဆင့်တွင် စတင်ဆောင်ရွက်ပြီး နိုင်ငံခြား ထုတ်ဝေမှုများ လုပ်ဆောင်သည်။

၂၀၁၉ တွင် အီတလီသည် တရုတ်နှင့် BRI သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် သည် အီတလီမီဒီယာကုမ္ပဏီများနှင့် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့သည်။ အီတလီသတင်းအေဂျင်စီ ANSA နှင့် တရုတ်သတင်းဌာန Xinhua တို့ကြား Xinhua Italian News Service နားလည်မှုစာချွန်လွှာ ကို စတင်ခဲ့ခြင်းဖြစ်သည်။ အီတလီနိုင်ငံပိုင် RAI ၏ အများပြည်သူအသံလွှင့်ဌာနသည် China Media Group နှင့် သဘောတူညီမှုရရှိခဲ့သည်။ “အီတလီမီဒီယာများတွင် တိုးချဲ့ရောက်ရှိမှုသည် တရုတ်၏ တရားဝင် သဘောတရားကို ပျံ့နှံ့စေရန် ပလပ်ဖောင်းတခု ပေးစွမ်းနိုင်သည်” ဟု လန်ဒန်အခြေစိုက် Henry Jackson Society က ဖော်ပြသည်။ ANSA သည် ၂၀၂၂ တွင် သဘောတူညီချက်ကို အဆုံးသတ်ခဲ့သည်။

၂၀၂၃ ဒီဇင်ဘာတွင် တရုတ်သည် လော့စ်အိန်ဂျလိစ်အခြေစိုက် သုတေသနနှင့် အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုကုမ္ပဏီ Kharon နှင့် ခေါင်းဆောင် လေ့လာသူနှစ်ဦးအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြောင်း Al Jazeera က ထုတ်ပြန်သည်။ ၎င်းတို့အား တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။ ကုမ္ပဏီပိုင် ပစ္စည်း များနှင့် လေ့လာသူများ၏ ပစ္စည်းများကို သိမ်းဆည်းခဲ့သည်။ တရုတ်ရှိ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားသည်။ ဝီဂါ နှင့် အခြားသော မွတ်ဆလင်အုပ်စုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုမ္ပဏီက အကျယ်တဝင့်တင်ပြခဲ့သည်။

တရုတ်သည် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဥပဒေအား အသုံးပြု၍ အကူးအပြောင်းကာလတွင်ပင် တရုတ်တရားစီရင်ပိုင်ခွင့်ရှိ နိုင်ငံခြား သတင်းထောက်များကို ဖမ်းဆီးတရားစွဲဆိုရန် ခြိမ်းခြောက်ခဲ့သည်။ မတ် ၁၃ တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက လန်ဒန်အခြေစိုက် ဟောင်ကောင် စောင့်ကြည့်ရေးအဖွဲ့အား နိုင်ငံတော်လုံခြုံရေးကို ပြင်းထန်စွာကာကွယ်သည့်အမိန့်ကို ဝေဖန်သည့်အတွက် နိုင်ငံတော်ပုန်ကန်မှုဖြင့် ခြိမ်းခြောက်ခဲ့သည်။