မြစ်ဆုံစီမံကိန်းပြန်စရန် စစ်ကောင်စီကြိုးပမ်းမှု မအောင်မြင်နိုင်ဟု NUGနှင့်နိုင်ငံရေးအင်အားစုများပြော

မြေပုံတွင်မြင်တွေ့ရသည့် မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံ။

ရွှေနွယ်

(မဇ္ဈိမ)။ ။ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို စစ်ကောင်စီကဖွဲ့စည်းလိုက်သော်လည်း မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန်မဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လျှပ်စစ်ဝန်ကြီးနှင့် နိုင်ငံရေးအင်အားစုများ၊အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

စစ်ကောင်စီလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များလည်းပါဝင်သည့်ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ဖွဲ့စည်းကြောင်းကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက မေ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုလတ်တလော၌ မြစ်ကြီးနားမြို့အနီးပတ်ဝန်းကျင်အပါအဝင်ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေချိန်၌ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန်မဖြစ်နိုင်ကြောင်းမြန်မာ့စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

“တရုတ်ကြိုက်တာမှန်သမျှအကုန်လိုက်လျောဖို့ ပြင်ဆင်ထားတဲ့စစ်ကောင်စီက ဝိုင်းဝန်းကန့်ကွက်နေတဲ့မြစ်ဆုံစီမံကိန်းကို ပြန်အကောင်အထည်ဖော်မယ်ဆိုပြီး လိုက်လျောနေတာပါ။ တကယ့်အခြေအနေက ဗလမင်းထင်တံတားက ဒီဘက်ထိပ်အထိ KIA ကရောက်နေပြီ။ ဝိုင်းပတ်ထားတဲ့အနေအထားပေါ့။ ဒီအခြေအနေအောက်မှာ မြစ်ဆုံစီမံကိန်းဟာ အကောင်အထည်ပေါ်စရာဘာအကြောင်းမှမရှိပါဘူး” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်လျက်ရှိသည့် စစ်ရေး၊နိုင်ငံရေးအခြေအနေများအကြားတွင် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်းသိရှိလက်ခံထားမည်ဟု ယူဆကြောင်းမှတ်ချက်ပြုသည်။စစ်ကောင်စီကမြစ်ဆုံစီမံကိန်းကိုအကြောင်းပြကာ ပြည်သူလူထုကို အာရုံလွှဲရန်ကြိုးစားနေသည်ဟုလည်း ၎င်းက သုံးသပ်သည်။

“မျက်လှည့်ပြဖို့ သူ(စစ်ကောင်စီ)ကြိုးစားနေတယ်။ တကယ်လက်တွေ့လုပ်လို့မရဘူးဆိုတာ တရုတ်အစိုးရဘက်ကကြည့်မယ်ဆိုရင်လည်းသိပါတယ်” ဟု ဦးစိုးသူရထွန်းက မဇ္ဈိမအား ပြောသည်။

မြစ်ဆုံစီမံကိန်းသည် ကချင်လူထုအတွက်သာမက မြန်မာပြည်သူလူထုအတွက် ကောင်းကျိုးသက်ရောက်မှုမရှိသောကြောင့် ယခင်ခေတ်အစိုးရလက်ထက်အဆက်ဆက်တွင် ဆန့်ကျင်ကန့်ကွက်ခဲ့သလို ယခု စစ်ကောင်စီကအကောင်အထည်ဖော်ရန်ကြိုးပမ်းလာပါကလည်း ဆက်လက်ကန့်ကွက်သွားမည်ဟု ကချင်ဒေသတွင်းလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Kachin Human Right က ဆိုသည်။

“စီမံကိန်းကဖြစ်နိုင်ဖို့ကနည်းမှာပါ။ စစ်ရေးဒီလောက်တင်းမာနေတဲ့အခြေအနေမှာ ဝင်ပြီးအလုပ်လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ပဲမြင်ပါတယ်” ဟု Kachin Human Rights မှတာဝန်ရှိသူတဦးကဆိုသည်။

လတ်တလောတွင် KIAဦးဆောင်သည့်ပူးပေါင်းတပ်များသည် မြစ်ကြီးနားမြို့နှင့် တမိုင်ခန့်သာဝေးသည့် ဝိုင်းမော်မြို့မှစစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ဝိုင်းမော်မြို့မှ စစ်ကောင်စီရှေ့တန်းစခန်းအများအပြားကို KIA က သိမ်းယူထားပြီး အခိုင်အမာတပ်စခန်းဖြစ်သည် ခမရ(၃၂၁)ကိုလည်း မေလ ၂၁ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သည်။ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ ဒေသခံအများအပြားသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြသည်။ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို KIA က တိုက်ခိုက်လာနိုင်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

မြစ်ကြီးနားမြို့ခံတဦးက” နေ့တိုင်းလက်နက်ကြီးတွေပစ်နေပြီး လူ‌တွေတောင် ရင်တမမနဲ့နေရတာ။ မြစ်ဆုံစီမံကိန်းက ဘယ်နားသွားစမှာလဲ” ဟု ဆိုသည်။

စစ်ကောင်စီက မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန်ပြင်ဆင်ခြင်းသည် ကချင်ပြည်နယ်၌ လတ်တလော ဖိအားပေးတိုက်ခိုက်ခံနေရသည့်စစ်ရေးကို တရုတ်အစိုးရအကူအညီဖြင့် ဟန့်တားနိုင်ရေးကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း KIAနှင့်နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

၎င်းက ” ဒီနေ့(မေလ ၂၃ရက်)တင် မြစ်ကြီးနား၊ တာလောကြီးကျေးရွာကို စစ်တပ်ကဗုံးကြဲသွားတယ်။ တိုက်ပွဲတွေကဆက်ဖြစ်နေနိုင်တာမို့ ဘာစီမံကိန်းမှအကောင်အထည်ဖော်လို့ရမှာမဟုတ်ဘူး။ ထုံးစံအတိုင်း တရုတ်ကို အားကိုးရှာတာ”ဟု ဆိုသည်။

ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် မြစ်ကြီးနားမြို့နှင့် ၂၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဗိုလ်ချုပ်မှူးကြီး‌ဟောင်းဦးသန်းရွှေလက်ထက် ၂၀၀၆ ခုနှစ်တွင် တရုတ်အစိုးရနှင့်လက်မှတ်ထိုးခဲ့ပြီး၂၀၀၉ ခုနှစ်တွင်စီမံကိန်းစတင်ခဲ့သည်။ ဧရာဝတီမြစ် မြစ်ဖျားခံရာ မလိခမြစ်ပေါ်၌ ရေကာတာ တခု၊ မေခမြစ်ပေါ်၌ ရေကာတာ ငါးခု၊ မေခ−မလိခ မြစ်ဆုံရာ မြစ်ဆုံတွင် ရေကာတာကြီးတခု၊ စုစုပေါင်း ရေကာတာ ခုနစ်ခုတည်ဆောက်၍ ရေအားလျှပ်စစ်ထုတ်ယူရန်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ဆိုးဆိုးရွားရွား ထိခိုက်စေပြီး အန္တရာယ်ကြီးမားသည်ဟုဆိုကာ လူထုကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။ သမ္မတဟောင်းဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်စက်တင်ဘာလ ၃၀ ရက်တွင် ဦးသိန်းစိန်က ၎င်း၏ သမ္မတရာထူးသက်တမ်း(၂၀၁၁ – ၂၀၁၆)အတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်NLD အစိုးရလက်ထက်တွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအားပြည်သူလူထု လက်ခံနိုင်မည့် စီမံကိန်းတခုအနေဖြင့် ပြန်လည်စတင်လိုကြောင်း ၂၀၁၈ ဇန်နဝါရီလတွင် တရုတ်အစိုးရဘက်မှ ထုတ်ဖော်ပြောကြားဖူးသည်။NLDအစိုးရက မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းလေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကိုဖွဲ့စည်းခဲ့သည်။NLDအစိုးရလက်ထက်တွင်လည်း မြစ်ဆုံစီမံကိန်းပြန်လည်မစတင်ရန် လူထုကတောင်းဆိုခဲ့ကြသည်။

ယခုအခါ စစ်ကောင်စီက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် စီမံကိန်းညှိနှိုင်းဆောင်ရွက်ရေးအထောက်အကူပြုနိုင်ရေးဆောင်ရွက်ရန်ဟုဆိုကာ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

စာတည်း – အေးချမ်း