မုံရွာနမခအနီးကျေးရွာများကို စစ်ကောင်စီမီးရှို့မှု သက်ကြီးရွယ်အို ၂ဦး မီးလောင်သေဆုံး

ပုံအညွှန်း - မီးလောင်ပျက်စီးဆုံးရှုံးမှုများ / ဓါတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

ပုံအညွှန်း – မီးလောင်ပျက်စီးဆုံးရှုံးမှုများ / ဓါတ်ပုံ – မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်စစ်ကြောင်းက လိုက်လံမီးရှို့နေပြီး သက်ကြီးရွယ်အိုနှစ်ဦးမီးလောင်သေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

မုံရွာနမခမှ အင်အား ၅၀ခန့်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မတ်လ ၅ရက်နံနက်က မုံရွာမြို့နယ်၊ ခိုးသန်းရွာနှင့် ညနေဘက်တွင် ကြီးဗဒုံရွာကို ဝင်ရောက်မီးရှို့ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီတပ်မီးရှို့မှုကြောင့် ခိုးသန်းရွာမှ အသက်၉၀ ကျော်အရွယ် ဒေါ် အုန်းကြည်သည် မီးလောင်သေဆုံးခဲ့ပြီး အိမ်ခြေ၁၀၀ခန့် မီး လောင်ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။ ထို့ပြင်ကြီးဗဒုံရွာမှ အသက် ၆၀ နှစ်အရွယ်ဒေါ်မှတ်တင် မီး‌လောင်သေဆုံးခဲ့ကာ နေအိမ်၄၀ခန့် မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။ အိမ်မွေးတိရိစ္ဆာန်များလည်းခဲ့ကြောင်း ဒေသခံများကပြောသည်။

ပုံအညွှန်း - မီးလောင်ပျက်စီးဆုံးရှုံးမှုများ / ဓါတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

“စကစက စစ်ကိုင်းတိုင်း၊ အထူးသဖြင့် နမခ စစ်ဌာနချုပ်နယ်မြေကပ်လျက်ရွာတွေကို နယ်မြေရှင်းလင်းစစ်ကြောင်းထိုးခြင်းဖြစ်ပါတယ်။ နမခ လုံခြုံရေးအတွက် တပ်နဲ့ နီးတဲ့ ရွာတွေကို မလှုပ်ရဲအောင်မီးရှို့နေတာပါ” ဟု မုံရွာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

မီးဘေးသင့်စစ်ဘေးရှောင်များအား တတ်စွမ်းသမျှကူညီပေးနေကာ စစ်အာဏာရှင်တော်လှန်ရေးအတွက် အားတင်းထားကြပါရန်လည်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ပုံအညွှန်း - မီးလောင်ပျက်စီးဆုံးရှုံးမှုများ / ဓါတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှ စတင်ပြီး မတ်လ၅ရက်နေ့အထိ မုံရွာနမခအနီးကျေးရွာများဖြစ်သော ဘူးတောင်းကန်၊တဲကြီးကုန်း၊ဆုံကုန်း၊ပေကုန်း၊ခိုးသန်းနှင့်ကြီးဗဒုံရွာများကိုမီးရှို့ခဲ့ရာနေအိမ် ၃၅၀ နီးပါးပျက်စီးဆုံးရှုံးပြီးဖြစ်ကြောင်း သိရသည်။ ခိုးသန်းရွာကို မတ်လ ၁ရက်ကလည်း မီးရှို့ခဲ့ပြီး ငါးရက်အတွင်း နှစ်ကြိမ် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

“လတ်တလော ရွာ၁၀ရွာလောက်က ဒေသခံတွေ ရှောင်တိမ်းနေရပါတယ်။ စစ်ကြောင်းက မီးရှို့လိုက် ပြန်ဝင်သွားလိုက်နဲ့ မတည်မငြိမ်ဖြစ်နေပါတယ်။ စားနပ်ရိက္ခာ၊သောက်သုံးရေ အရေးပေါ်လိုအပ်နေပါတယ်” ဟု မုံရွာမြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနတာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ပုံအညွှန်း - မီးလောင်ပျက်စီးဆုံးရှုံးမှုများ / ဓါတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

ယနေ့ မတ်လ ၆ရက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ခိုးသန်းရွာ အနောက်ဖက်ရှိ သမန္တာရွာကို ဝင်ရောက်ပြီး ဘုန်းကြီးကျောင်း ၌ တပ်စွဲထားကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် သမန္တာရွာရွာအတွင်းမှ အိမ်များကို မွှေနှောက်နေသောကြောင့်ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း သိရှိရသည်။

စာတည်း – အေးချမ်း