မုန်တိုင်းငယ်ကြောင့် ‌ဒေသအများစုမိုးကောင်းပြီး လေပြင်း၊ပင်လယ်ဒီ‌ရေနှင့်ရေကြီးမြေပြိုမှု‌ဘေးသတိပေး

ဓါတ်ပုံ-မိုးဇလ

ဂျူချန်း

မဇ္ဈိမ။ ။ ဘင်္ဂလားပင်လယ်အော်မှမုန်တိုင်းငယ်သည် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအများစု၌ မိုးကောင်းကာ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းများသတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေ၂၄ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။

လေဖိအားနည်းရပ်ဝန်းသည် ယနေ့(မေလ၂၄ ရက်)တွင် မုန်တိုင်းငယ်ဖြစ်လာပြီး မေလ ၂၅ ရက်နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)၊ မေ လ၂၆ ရက် နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)ဖြစ်လာနိုင်ပြီး မေ ၂၇ ရက် နံနက်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ဆာဂါကျွန်းအကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ယနေ့ မွန်းလွဲမှ မေလ၂၇ရက်အတွင်း တိုင်းနှင့်ပြည်နယ်အများအပြား၌ နေရာကွက်မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မေလ ၂၅ရက်အထိ မိုးသက်လေပြင်းများကျရောက်ကာ လေတိုက်နှုန်း ၁နာရီမိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ကိုးပေမှ ၁၂ ပေ ခန့်ရှိနိုင်သည်ဟု သတိပေးထားသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ယနေ့ လေတိုက်နှုန်း ၁နာရီမိုင် ၄၀ မှ ၄၅ မိုင်အထိရှိနိုင်ကာ မေလ ၂၅ရက်နှင့် ၂၆ရက်၌ လေတိုက်နှုန်း ၁နာရီမိုင် ၅၀ မှ ‌၆၀ မိုင်အထိလေပြင်းတိုက်နိုင်သည်ဟု သတိပေးထားသည်။ လှိုင်းအမြင့် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်ဟုဆိုသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းမြေပြိုခြင်းတို့ဖြစ်ပေါ် နိုင်၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများမြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန်၊ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ ကြိုတင်သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။

ယနေ့မွန်းလွဲ၁၂နာရီ၃၀မိနစ်နာရီအချိန် တိုင်းတာချက်အရ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်တွင် ရှိနေသည်ဟု မိုးဇလကထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က မေလ (၂၆)ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း မေလ ၂၃ရက် ကြိုတင်ခန့်မှန်းချက်၌ သတိပေး ထုတ်ပြန်ထားသည်။

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းဒီရေ ၁၄ ပေမှ ၁၆ ပေခန့်အထိ မြင့်တက်နိုင်ပြီး မောင်တောနှင့် စစ်တွေခရိုင်ကမ်းရိုးတန်းတွင်နေပြည်သူများ မုန်တိုင်းဒီရေကို သတိပြုရှောင်ရှားနိုင်ကြရန် ထုတ်ပြန်ထားသည်။
မေလ (၂၇)ရက်တွင် မုန်တိုင်းကုန်းတွင်းသို့ ဝင်ရောက်ပျက်ပြယ်သွားနိုင်ပြီး မုန်တိုင်းလမ်းကြောင်းပြောင်းလဲမှုအခြေအနေကို ထပ်မံထုတ်ပြန်မည်ဟု MOHADM က ဆိုသည်။

ယမန်နှစ်(မေလ ၁၄ရက်)က ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းသည်ရခိုင်ကမ်းရိုးတန်းသို့ စစ်တွေနှင့် ကျောက်ဖြူမြို့ကြားမှဖြတ်၍ ပြင်းအား တနာရီလေတိုက်နှုန်း မိုင်၁၃၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များ၌ အပျက်အစီးအလွန်များပြားခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်ကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် ဖြတ်သန်းခဲ့သည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမြို့နယ်အချို့အပြင် တိုင်းနှင့်ပြည်နယ်ငါးခုထက်မနည်း မုန်တိုင်းဘေးသင့်ခဲ့သည်။

စာတည်း-အေးချမ်း