AA ရဲ့ စစ်ရုံးချုပ်အမည်နဲ့ ညွှန်ကြားချက် အတု

ZZ

(မဇ္ဈိမ)။ ။ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ် အမည်နဲ့ ညွှန်ကြားချက် တစောင့် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ညွှန်ကြားချက်ထဲမှာ ဆန္ဒပြပွဲတွေ လုပ်တဲ့ ဘူးသီးတောင်မြို့နယ်အတွင်းက မွတ်ဆလင်တွေကို ချေမှုန်းဖျက်ဆီးဖို့အတွက် ပါဝင်ပါတယ်။

ဒီထုတ်ပြန်ချက်ကို သတင်းစောင့်ဖတ်သူ တသိန်းကျော်ရှိနေတဲ့ “ko Thet” တယ်လီဂရမ်ချန်နယ်ကနေ မေလ ၂၁ ရက်နေ့မှာ “AA အကြမ်းဖက်အဖွဲအနေဖြင့် မူဆလင်များကို အလုံးစုံချေမှုန်းရန် ထုတ်ပြန်သည့်စာ .. လိုင်းပေါ် ပျံ့နှံနေ။” လို့ (မူရင်းအရေးအသားအတိုင်း) ရေးထားပြီး ညွှန်ကြားချက်စာနဲ့ အတူ ဖော်ပြထားပါတယ်။

ပုံထဲမှာတော့ အာရက္ခတပ်တော်က စစ်ရေးအရှိန်မြင့်ချိန်မှာ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ မူဆလင်တွေက ဆန္ဒပြပြီး စစ်ဆင်ရေးကိုအနှောင့်အယှက်ဖြစ်စေတဲ့အတွက်ရန်သူလို့ သတ်မှတ်ပြီး လူ၊ နေအိမ်၊ ပစ္စည်းများကို ချေမှုန်းဖျက်စီးဖို့အတွက် ညွှန်ကြားထားတာပါ။ ဒီညွှန်ကြားချက်အပေါ်မှာ “မူဆလင်များကို မျိုးတုံးပစ်မယ့် AA ရဲ့ ရာဇသံ” လို့ရေးသားထားပြီး ဖြန့်ဝေထားတာပါ။
ဒီအကြောင်းဟာ တယ်လီဂရမ် ချန်နယ်နဲ့ ဂရု ၃၁ ခု အပြင် ဖေ့ဘုတ်မှာလည်း ပျံ့နှံ့နေပါတယ်။

မဇ္ဈိမရဲ့ အချက်အလက် စစ်ဆေးသူတွေက ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို တိုက်ဆိုင် စစ်ဆေးခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ရက်စွဲဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ နေ့စွဲနဲ့ဖြစ်ပါတယ်။ AA ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာ ဧပြီ ၂၀ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ရှိမရှိ စစ်ဆေးရာမှာတော့ ဧပြီ ၁၁ ရက်နဲ့ ဧပြီ ၂၆ ရက်တွေက ထုတ်ပြန်ချက်တွေသာ ရှိနေပြီး ၂၀ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်မရှိပါဘူး။ AA ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ နောက်ဆုံး ထုတ်ပြန်ချက်က ညမထွက်ရ ထုတ်ပြန်ချက်ဖြစ်ပြီး ဧပြီ ၂၆ရက်နေ့က ထုတ်ပြန်ထားတာပါ။ လင့် – https://archive.ph/E2RMQ

AA ရဲ့ သတင်းတွေကို ထုတ်ပြန်တဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ AA Info Desk မှာလည်း ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် မရှိဘဲ မေလ ၂၀ ရက်နေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အမည်နဲ့ နောက်ဆုံးထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။ လင့် – https://t.me/aainfodesk/906?single

သတင်းတုမှာ ဖြန့်ဝေထားတဲ့ ထုတ်ပြန်ချက်ကို AA ရဲ့ တခြားတရားဝင် ထုတ်ပြန်ချက်တွေနဲ့ တိုက်စစ်တဲ့အခါမှာလည်း ရက္ခိုင့်တပ်မတော်စစ်ရုံးချုပ် ဆိုတဲ့ တံဆိပ်တုံးက စောင်းနေတာကို တွေ့ရပါတယ်။
တံဆိပ်တုံးဘေးမှာလည်း အမဲစက် နှစ်စက် ပါဝင်နေပါတယ်။
ထုတ်ပြန်ချက်အဆုံးမှာ စစ်ရုံးချုပ် နဲ့ ရက္ခိုင့်တပ်တော် ဆိုတဲ့ စာသားဟာလည်း တညီတည်းရေးထားတာကို တွေ့ရပါတယ်။
AA ကနေ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်အမည်နဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေမှာ ထုတ်ပြန်ချက်အဆုံးက စာကို တညီတည်း မရေးပါဘူး။
ဒါကြောင့် AA ရဲ့ စစ်ရုံးချုပ်အမည်ဖြင့် ညွှန်ကြားချက်ဟာ အတုအပဲ ဖြစ်ပါတယ်။

ဒီညွှန်ကြားချက်နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရ ဦးခိုင်သုခကို မေးမြန်းအတည်ပြုတဲ့အခါမှာ သူက မဇ္ဈိမကို ဒီလို ပြောပါတယ်။
“ဒါအတုပါ၊ ဘယ်သူတွေ လုပ်လဲတော့မသိဘူး။ ဗမာစစ်တပ်ဘက်က လော်ဘီတွေလုပ်တာဖြစ်နိုင်တယ်။ ရိုတွေဘက်က လုပ်တာလည်း ဖြစ်နိုင်တယ်။ ကျတော်တို့ ဒီလို ထုတ်တာမရှိဘူး။ ကျတော်တို့နဲ့ လုံးဝပတ်သက်မှုမရှိဘူး။”

လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်မှာ အာရက္ခတပ်တော် (AA) က ရှို့တဲ့မီးကြောင့် နေအိမ်ပေါင်း ၈၀၀၀ ခန့် မေလ ၁၇ ရက်နေ့က ဆုံးရှုံးခဲ့တယ်လို့ ရိုဟင်ဂျာ တတ်ကြွလှုပ်ရှားသူတွေက ပြောထားပါတယ်။ လင့် – t.ly/MHFg-

ရိုဟင်ဂျာတွေကို သတ်ဖြတ်ဖမ်းဆီးတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာလည်း စုံစမ်းစစ်ဆေးပေးဖို့ AA ကို အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့ကနေလည်း ထုတ်ပြန်ပြောကြားထားပါတယ်။ လင့် – t.ly/tU3gL

မြေပြင်မှာ အင်တာနက်လိုင်း အပြင် ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရပြီး မြေပြင်အခြေအနေကို အတိအကျ သိရဖို့ ခက်ခဲနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။