နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၄ မေ ၂၀၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံတကာ ကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု ကော်မရှင် (IACC) အစည်းအဝေးကို ဒီနေ့ မနက် ၁၀ နာရီခွဲမှာ ပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ၊ ပြည်ထောင်စုဝန်ကြီးချုပ် ၊ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က တိုရန်တိုမြို့၊ တိုရန်တိုတက္ကသိုလ် (University of Toronto )၏ ဒုတိယ ဥက္ကဌ (နိုင်ငံတကာရေးရာ) ဖြစ်သူ Mr.Joseph Wong နှင့် မေ ၂၂ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
  • ကနေဒါနိုင်ငံ အိုတာဝါ တက္ကသိုလ်(University of Ottawa) တွင်ပြုလုပ်သည့် “Putting Women Up:Gender Equality and Politics in Myanmar” စာအုပ်မိတ်ဆက်ပွဲသို့ NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တို့ဦးဆောင်သည့် အဖွဲ့ တက်ရောက်ဆွေး နွေးခဲ့ကြကြောင်း သိရှိရသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ကို မေ ၂၃ ရက် က ပြုလုပ်ခဲ့ ကြသည်။
  • မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် လာသူများကို အိမ်ရှင်နိုင်ငံများက ကောင်းမွန်သင့်လျော်စွာ လက်ခံပေးရန် ရွှေ့ပြောင်းနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အပြန်အလှန်ဆွေးနွေးမှု အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြ ပြောဆိုခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • ရက္ခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများ ပြင်းထန်နေခြင်းနှင့်အတူ ရက္ခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်များှ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသည့် အရေအတွက်က ၂ သိန်းနီးပါးအထိ ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်သည်။
  • ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) – အမှတ် ၁ စစ်ဒေသတွင် စစ်ဘေးရှောင်လျက်ရှိသော သက်ကြီးရွယ်အိုများနှင့် ရဟန်းသံဃာများအပါအဝင် ဒေသပြည်သူ ၂၅၀ဦး ဝန်းကျင်ကို ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ ဆေးတပ်ဖွဲ့ရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှုများ နှင့် ဆေးဝါးကုသပေးခဲ့ကြောင်း သိရှိရသည်။
  • မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ ပြင်စည်လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေပြီး ခြောက်ဦးဒဏ်ရာရသွားသည်ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေး တာဝန်ခံက ပြောသည်။
  • အရပ်ဝတ်များ ဝတ်ဆင်ထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အယောင်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ‌ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ အနေဖြင့် နေအိမ်များထံ ပြန်လာနေကြရန်နှင့် မနေပါက နေအိမ်များကို ဖျက်ဆီး သိမ်းယူသွား မည်ဟု စစ်ကောင်စီက ဖိအားပေးနေကြောင်း ကော့ကရိတ်စစ်ဘေးရှောင်များထံမှ သိရသည်။
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်တို့ရှိ စစ်ကောင်စီ ဂိတ်စခန်း နှစ်ခုကို ပြီးခဲ့သည့် မေ ၁၉ ရက်နှင့် ၂၂ ရက်နေ့တို့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များ၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကိုဝေမိုးနိုင် အပါ အဝင် သပိတ်ခေါင်းဆောင်များ ၊တော်လှန်ရေး အဖွဲ့များ၊ ထောက်ပို့များအား ဖမ်းဆီးရန် ငါးပိထောင်းဆိုင်ဖွင့်၍ ပြည်သူအသွင်ယူ သတင်း ထောက်လှမ်းနေသည့် စစ်ကောင်စီ၏ ရဲတစ်ဦးအား ဖမ်း​ဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ရွာတစ်ရွာတွင် နေအိမ် ၁၀၉ လုံး မီးဘေးသင့်ခဲ့သည့် ပြည်သူများ အတွက် ဆန် ၂၇ တင်းနှင့် စားနပ်ရိက္ခာ ကျပ်သိန်း ၂၀ ကျော်ဖိုးကို ကနီတော်လှန်ရေး အင်အားစုအဖွဲ့က လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
  • ဂျပန် အစိုးရက မြန်မာနိုင်ငံဆီ ပို့ဆောင်သည့် ထောက်ပံ့ရေး အစီအစဉ်များသည် အာဏာသိမ်း စစ်ကောင်စီအတွက် အကျိုးရှိနေဆဲဖြစ်၍ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က သတိပေး ပြောဆိုသည်။
  • ပဋိပက္ခဖြစ်ပွားနေသည့် အိမ်နီးချင်းမြန်မာနိုင်ငံတွင် အကျပ်အတည်းကို အဆုံးသတ်ရန်အတွက် မိမိတို့ထိုင်းနိုင်ငံက မဆုတ်မနစ် လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် စရက်သာသာဗီဆင်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော်AA က အရာရှိလေ့ကျင့်ရေး သင်တန်းကို ပြုလုပ်ခဲ့ပြီး အရာရှိ ၃၂၆ ဦးကို လေ့ကျင့်သင်ကြား သင်တန်းဆင်းပေးလိုကကြောင်း AA က သတင်းထုတ်ပြန်သည်။
  • ချင်းပြည်နယ်၊ တွန်းဇံမြို့ စစ်ခုံရုံးမှ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သော CDM ကျောင်း ဆရာမ အပါအဝင် နိုင်ငံရေးအကျဥ်းသားနှစ်ဦးကို ချင်းပူးပေါင်းတပ်ဖွဲ့များမှ ကယ်ထုတ်နိုင်ခဲ့ ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
  • ချင်းပြည်နယ် ၊ မတူပီမြို့နယ် အခြေစိုက်လှုပ်ရှားနေသော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က ၁၀မိုင်ခန့်အကွာသို့ လှမ်းပစ်နိုင်သည့် ရော့ကက် (MR1)ကို စမ်းသပ်ပစ်ခတ်ခဲ့ရာ အောင်မြင်ခဲ့ ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

စစ်ကောင်စီ

  • မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပရာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။
  • ပဲခူးမြို့နယ်တွင် စစ်ကောင်စီက အကျဥ်းထောင်အသစ်တစ်ခု ထပ်မံတည်ဆောက်ထားသည်ကို Google Earth ၏ ရုပ်ပုံမွမ်းမံမှုမှတဆင့် တွေ့ရှိရကြောင်း Myanmar Witness အဖွဲ့က ယမန်နေ့ (မေ ၂၃)တွင် အသိ ပေးထုတ်ပြန်သည်။
  • ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် ချင်းရိုင်မြို့များတွင် ကျောင်းတက်နေကြသူများနှင့် အလုပ်လုပ်ကိုင် နေသူများ ကို ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးမှ နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေး တော့ဘဲ ချင်းမိုင်ရှိ ကောင်စစ်ဝန်ရုံးတွင်သာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဟု ထုတ်ပြန်သည်။
  • ၂၀၃၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ရာနှုန်းပြည့် သုံးစွဲရရှိရေးအတွက် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ထပ်မံပြော ပြန်သည်။
  • တိုင်းရင်းသားများ၏ရိုးရာဝတ်စုံများကို အိမ်နီးချင်းနိုင်ငံများက ကူးယူရက်လုပ်ခြင်း၊ စက်ဖြင့် ထုတ်ခြင်းများကိုကျယ်ပြန့်စွာဆောင်ရွက်နေသည်ကိုတွေ့ရသဖြင့် မြန်မာနိုင်ငံမှ မူပိုင်ခွင့်ရရှိ အောင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။
  • သီလဝါအထူးစီးပွားရေးဇုန်၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာအိမ်နီးချင်းနိုင်ငံများ၊အရှေ့တောင်အာရှ၊အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း မေလ ၂၃ ရက်တွင် ပြုလုပ်သော မြန်မာအထူး စီးပွား ရေးဇုန်ဆိုင်ရာဗဟို အဖွဲ့ ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ အကြိမ်အစည်းအဝေးအတွင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောသည်။
  • ရှမ်းမြောက် လားရှိုးမြို့ တွင် တအာင်းများအနေများသည့် ရပ်ကွက် (၁၀)ထဲက နေအိမ်များကို စစ်ကောင်စီတပ်နှင့် ရဲများပူးပေါင်းပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးနေကြောင်း လားရှိုးမြို့နေ အမျိုးသားတစ်ဦးပြောဆိုချက်ကို ကိုးကား၍ ဒေသအခြေစိုက် ရွှေဖီမြေသတင်းတွင် ဖော်ပြထားသည်။

မေ  ၂၄ ရက် သုံးသပ်ချက်

  • စစ်အုပ်စုသည် မြန်မာနိုင်ငံအတွင်းနေထိုင်သည့် တိုင်းရင်းသားပြည်သူလူထုကို ဖိနှိပ်ချင်တိုင်း ဖိနှိပ်နေ၍ တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် နီးစပ်ရာ အိမ်နီးနားချင်းတိုင်းပြည်များသို့ လွန်ခဲ့သည့် နှစ်များ စွာထဲက ထွက်ပြေးခဲ့ရသည်။ယင်းသို့ နိုင်ငံအတွင်းနေထိုင်ကြသူများကို တန်ဖိုးထားခဲ့သော်လည်း အိမ်နီးနားချင်းတိုင်းပြည်များမှ ၎င်းတို့နိုင်ငံတွင် လာရောက်ခိုလှုံလာသည့် မြန်မာနိုင်ငံထဲမှ တိုင်းရင်းသား များ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားကာ နိုင်ငံတကာ အလယ်ချပြသည့်အခါမှ ငါပိုင်သည် ဟု လာရောက်ပြောဆို၍ မရနိုင်ပေ။