စစ်တပ်အထောက်အပံ့မယူဟု ကြေညာထားသည့် BGF ရွှေကုက္ကိုလ်ရှိ မြန်မာဝန်ထမ်းများထံမှ လစဉ်ငွေ စတောင်းဟုဆို

သွင်ထူးဈာန်(ကော်သူးလေ)

(မဇ္စျိမ) ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကရင်နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်တွင် လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများမှ ဝန်ထမ်းများကို ကရင်နယ်ခြားစောင့်တပ်က လစဉ် ငွေကြေးစတင်ကောက်ခံနေကြောင်း ကာယကံရှင် ဝန်ထမ်းများက ပြောသည်။

“ BGFလစာအတွက်ပေးရမယ်တဲ့။ တယောက်ကို ဘတ်၈,၈၀၀ပေးရမယ်။ ဒီမှာရှိတဲ့ အလုပ်ရုံတိုင်းက ဝန်ထမ်းတွေအားလုံးဆီကတောင်းတာ။ အရင်က ဝန်ထမ်းတယောက်ကို ဘတ်၁,၀၀၀ပေးရတယ်။ အဲ့တုန်းက သူဌေးကစိုက်ပေးတယ်။ အခုကျတော့ ၈,၈၀၀ဆိုတော့ ကိုယ့်ဟာကိုယ်ပေးရမယ်လို့ပြောတယ်။ စခ(စစ်ကောင်စီ)တွေဆီက လစာ၊စစ် အသုံးစရိတ်မယူတော့ဘူးဆိုတော့ ဝန်ထမ်းတွေက အခုလိုပေးရမှာ”ဟု ရွှေကုက္ကိုလ်မြို့သစ်မှ ရထိုက်ဝင်းဟု လူသိများသည့် Yatai ကုမ္ပဏီရထိုက်ကုမ္ပဏီဝင်း၊ ရှင်းအန်းအလုပ်ရုံမှ မြန်မာဝန်ထမ်းတဦးက မဇ္ဈိမပြောသည်။

ရွှေကုက္ကိုလ်တွင်နေသော မြန်မာမိသားစုများသည် တအိမ်ထောင်လျင် အမျိုးသား၃၀၀ဘတ်၊ အမျိုးသမီး၂၀၀ဘတ်၊ ကလေး၁၀၀ဘတ်နူန်းဖြင့် BGF ထံ လစဉ် ပေးဆောင်ရပြီး ယခုအခါ ဖေဖော်ဝါရီလမှစ၍ ဝန်ထမ်းများထံမှ ထိုင်းဘတ်‌ငွေထောင်နှင့်ချီသော လစဉ်ငွေကို စတင်တောင်းခံလာခြင်းဟု သိရသည်။

အဆိုပါ ရထိုက်ကုမ္ပဏီဝင်းထဲတွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းနှင့်ကာစီနိုအပါအဝင် လောင်းကစားလုပ်ငန်းများလုပ်ဆောင်နေပြီး တရုတ်၊ထိုင်း၊ကမ္ဘောဒီးယား၊လာအို၊အင်ဒိုနီးရှား၊မလေးရှား၊ရှရှားနှင့် ပါကစ္စတန်နိုင်ငံသားများ လာရောက်လုပ်ကိုင် နေကြောင်း စုံစမ်းသိရှိရသည်။အားလုံးသည် ဝင်းအတွင်းသာ နေထိုင်ရပြီး ပြင်ပသို့ထွက်လျှင် BGF က ဖမ်းဆီးကာ ထိုင်းဘတ်ငွေသိန်းချီတောင်းယူမှုများရှိနေသည်ဟု သိရသည်။

“သူတို့က ဒီဝန်းထဲမှာပဲ နေရတယ်။ အပြင်ထွက်ရင် BGFက ဖမ်းပြီး ငွေညစ်တော့တာပဲ။ အဲ့ဒါဆို သူဌေးက ရွေးယူရတယ်။ ကျနော်တို့မြန်မာတွေကျတော့ ဝန်းအပြင်ထွက်ရင် ကဒ်နဲ့ထွက်ရတယ်။ ကဒ်ထဲမှာက ကျပန်းဆိုပြီးရေးထားတယ်။ ကျားဖြန့်လို့မရေးဘူး။ အဲ့ကဒ်မပါလို့ အပြင်မှာတွေ့ရင် ဘတ်၂၀,၀၀၀ထိတောင်းတယ်။ ပေးနိုင်မှလွှတ်တယ်”ဟု ရထိုက်ဝင်းမှ အလုပ်သမားတဦးကပြောသည်။

အွန်လိုင်းလောင်းကစား ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရခြင်းနှင့်ပတ်သက်၍ ၎င်းက “အပိုင်းနှစ်ပိုင်းရှိတယ်။ တပိုင်းက လူရှာတာ။ နိုင်ငံခြားသား ဖုန်းနံပတ်တွေကို မက်ဆေ့မှားပို့ပြီး ခင်သွားရင် chatterကိုပို့ပေးရတယ်။ အပိုင်း(၂)က ချက်တင်လုပ်ရတဲ့အပိုင်းပေါ့။ လူရှာသမားတွေပေးတဲ့သူတွေကို ခင်မင်အောင်လုပ်ပြီး ခင်မင်သွားတဲ့အခါ ငွေလိမ်ဖို့အတွက်ပေါ့။ လိမ်တဲ့အပိုင်းတော့ တရုတ်တွေကိုယ်တိုင်လုပ်တယ်”ဟု ပြောသည်။

၎င်းတို့အနေဖြင့် အပိုဆုကြေးများအပါအဝင် တလလျှင် လစာ ပျမ်းမျှ ထိုင်းဘတ်ငွေ ၁၅,၀၀၀ခန့်သာ ရရှိသောကြောင့် BGF က ယခုတောင်းနေသည့် လစဉ်ငွေကြေးကို ပေးရန် အဆင်မပြေဟု မြန်မာဝန်ထမ်းများကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ကရင်နယ်ခြားစောင့်တပ်BGFကို မေးမြန်းရန်ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။BGFဗိုလ်မှူးကြီး စောချစ်သူထံ ဆက်သွယ်သော်လည်း မရရှိပေ။

ဗိုလ်မှူးကြီးစောချစ်သူက BGF အနေဖြင့် ကရင်တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်လိုစိတ်မရှိ‌တော့ဟုဆိုကာ စစ်ကောင်စီ၏ လက်အောက်ခံအဖြစ်မနေတော့ဟုပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။စစ်တပ်ထံမှ လစာနှင့် ရိက္ခာကိုလည်း မယူတော့ဟု ပြောဆိုခဲ့ပြီး ယခုအခါ ရွှေကုက္ကိုလ်ရောက် မြန်မာဝန်ထမ်းများထံမှ လစဉ်ငွေတောင်းသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းသည် Yatai International Holdings Group နှင့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ပိုင်ကုမ္ပဏီ ဖြစ်သည့်
ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်း‌ဆောင်ရွက်နေခြင်းဖြစ်သည်။ စီမံကိန်း ဧရိယာအတွင်း တရုတ်နိုင်ငံသားများနေထိုင်သည့် တိုက်တန်းလျားများ၊ အွန်လိုင်းဂိမ်း ကစားသည့် အခန်းများ၊ သပ်ရပ်ခေတ်မီသော လုံးချင်းအိမ်များ၊ KTV၊ Spa၊ Club နှင့် ဖျော်ဖြေရေး ခန်းမများ၊ ကာစီနိုရုံပါဝင်သည့် ဟိုတယ်များတည်ဆောက်ထား‌ သောကြောင့် လောင်းကစားလုပ်ငန်းများ ဖော်ဆောင်ရေးသည် ယင်းစီမံကိန်း၏ အဓိကအစိတ်အပိုင်းတရပ်ဖြစ်သည်ဟု လေ့လာသူများ၏ သုံးသပ်ချက်ကို ကိုးကား၍ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) စာတမ်းတခု၌ က ဖော်ပြထားသည်။

BGF အဓိကပါဝင်ပက်သက်နေသော မြန်မာ-ထိုင်း နယ်စပ်မှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကိုဖြိုခွင်းမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စစ်တပ်ပိုင်မီဒီယာမှတဆင့် ထုတ်ပြန်ခဲ့သည်။ ထိုင်းစစ်တပ်အရာရှိများနှင့် စစ်ကောင်စီ ဆွေးနွေးပြီးနောက် ယင်းကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်ပြီး ရက်အနည်းငယ်ကြာတွင် စစ်ကောင်စီလက်အောက်မှနှုတ်ထွက်မည်ဟု BGF က ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

ကျားဖြန့်လုပ်ငန်းများ၊ လူကုန်ကူးမှုလုပ်ငန်း​များတွင် ကျူးလွန်မှု၌ ပါဝင်ပတ်သက်သည်ဟုဆိုကာဗိုလ်မှူးကြီး စောချစ်သူနှင့်ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦးတို့အပါအဝင် လူပုဂ္ဂိုလ်အချို့ကို ဗြိတိန်၊ အမေရိကန်နှင့်ကနေဒါနိုင်ငံတို့က ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာ ၈ ရက်နေ့တွင် ပိတ်ဆို့အရေးယူ‌ခဲ့သည်။

စာတည်း – အေးချမ်း