ရေစကြိုတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

မေလ ၂၁ရက်နေ့တွင် ရေစကြိုမြို့နယ်၌ စစ်ကောင်စီတပ်စစ်ကြောင်းမိုင်းဆွဲပြီး သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ/ ဓာတ်ပုံ။ ။ ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO

ကိုခင်မောင်

(မဇ္စျိမ) ။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျောက်ထပ်ရွာ သဲတောရွာနှင့် ဇီးတောရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှုများပြားပြီး သေနတ် ငါးလက်သိမ်းဆည်းရရှိခဲ့ကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSOမှ ယနေ့ (မေလ၂၄ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

မေလ ၁၇ရက် နံနက် ၅နာရီ ၁၅မိနစ်အချိန်ခန့်တွင် ကျောက်ထပ်ရွာ၊ သဲတောရွာ၊ ဇီးတောရွာများသို့ စစ်ကောင်စီတပ်များက စစ်ကြောင်းနှစ်ကြောင်းဖြင့် တပြိုင်ထဲ လက်နက်ကြီး၊ငယ်များ ပစ်ဖောက်ဝင်ရောက်ရာ ရွာအပြင်ဘက် တောင်ကုန်းပေါ်မှနေ၍ တိုက်မိုင်း၊ ပဒေသာမိုင်းများဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ထိခိုက်မှုဒဏ်ရာရသူများပြီးပြီး ကစဉ့်ကလျားဖြစ်ကာ နောက်ကြောင်းသို့ ခြောက်ဦးခန့် ထွက်ပြေးသွားကြောင်း၊ ကျေးရွာအတွင်းမှ စစ်ကောင်စီတပ်စစ်ကြောင်းထွက်ခွာပြီးနောက် မေလ၂၁ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်နေချိန် သေနတ် ငါးလက်နှင့် ခဲယမ်းအချို့ကို သိမ်ဆည်းရရှိခဲ့သည်ဟု ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO တာဝန်ခံက မဇ္စျိမကို ပြောသည်။

“တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာနဲ့ အနီးတဝိုက်ကို နယ်မြေရှင်းလင်းရေးလုပ်နေချိန် လက်နက်တွေတွေ့ရှိခဲ့တာပါ။ သေနတ်တွေက ကောင်းသေးတယ်ဗျ။ ဘာလို့ချန်ထားခဲ့လဲတော့ မသိဘူး၊ ကစဉ့်ကလျားဖြစ်ပြီး နောက်ကြောင်းလှည့်ခဲ့တဲ့သူတွေက မကောက်နိုင်ဘဲ ကျကျန်ခဲ့တာဖြစ်နိုင်တယ်။” ဟု ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSOတာဝန်ခံက မဇ္စျိမကို ပြောသည်။

ထိုစစ်ကောင်စီတပ် ချန်ထားခဲ့သော MA 1သေနတ် သုံးလက်၊ MA 3 သေနတ် နှစ်လက်၊ ကျည်ဘောက် ကိုးဘောက်၊ ၅.၅၆ ကျည် ၁၆၈ ‌တောင့်၊ အီကွေးမန့် နှစ်စုံတို့အား ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO အဖွဲ့မှ သိမ်းဆည်းရရှိထားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၇ရက်နေ့တွင် Yesagyo Revolution Group (YRG) စခန်းကို လမ်းပြရန်ခေါ်လာသော ကျောင်းဆရာမအပါအဝင် ဒေသခံ ခုနစ်ဦးကို မီးရှို့သတ်ဖြတ်သွားသည့် စစ်ကြောင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီစစ်သားများသည် ကျောက်ထပ်ရွာတွင် လူနေအိမ် ၃၇ လုံး၊ ဇီးတောရွာတွင် လူနေအိမ် ၄၀ မီးရှို့သွားပြီး ကျောက်ထပ်ရွာ၊ ဇီးတောရွာ၊ သဲတောရွာနှင့် ကွမ်းသီးကန်ရွာရှိ ဒေသခံ ၁,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSOသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် အဖွဲ့ဝင်ဖြစ်ရန် စာရင်းသွင်းထားပြီး တပ်ရင်းမကျသေးကြောင်း ယင်းအဖွဲ့တာဝန်ခံထံမှသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)