ဖိလစ်ပိုင်၌ တရုတ်ကွန်မြူနစ်များ မသိမသာ ထိုးဖောက်ဝင်ရောက်လာခြင်း

(ပုံ) တရုတ်စပိုင်ဟု စွပ်စွဲခံထားရသော ဖိလစ်ပိုင်နိုင်ငံရေးသမား အဲလစ်ကော် (ပုံ- အဲလစ်ကော်၏ ဖေ့ဘွတ်မှ)

(ပုံ) တရုတ်စပိုင်ဟု စွပ်စွဲခံထားရသော ဖိလစ်ပိုင်နိုင်ငံရေးသမား အဲလစ်ကော် (ပုံ- အဲလစ်ကော်၏ ဖေ့ဘွတ်မှ)

Asia Times

ပင်လယ်ပြင်ပိုင်နက်ကိစ္စများနှင့်ပတ်သက်ပြီး တင်းမာမှုများ တဝဲလည်လည်ဖြစ်နေချိန်တွင် ဖိလစ်ပိုင်အာဏာပိုင်များသည် ၎င်းတို့မြေပေါ်ရှိ အရေးပါသော ရာထူးနေရာများနှင့်အဆောက်အအုံများကို ရယူထိုးဖောက်ထောက်လှမ်းရန် ရည်ရွယ်သော တရုတ်၏သြဇာလွှမ်းမိုးမှုစစ်ဆင်ရေးများဘက်သို့ အာရုံရောက်သွားသည်။

ဖိလစ်ပိုင်မြောက်ပိုင်းပြည်နယ်များမှ ဥပဒေပြုအမတ်များသည် မကြာသေးမီနှစ်များက တရုတ်လိုလားသော အုပ်ချုပ်ရေးမှူးတဦး အုပ်ချုပ်ခဲ့သည့် ကာဂါယန်ပြည်နယ်သို့ တရုတ်ကျောင်းသားများ အများအပြားဝင်ရောက်လာမှုနှင့် ပတ်သက်၍ သတိပေးတပ်လှန့်ခဲ့သည်။

တချိန်တည်းမှာပင် Clark လေတပ်အခြေစိုက်စခန်းနှင့် အခြားသော အရေးကြီးသည့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအနီးရှိ မြို့ငယ်လေးတွင် အသစ်ရွေးချယ်ခံရသော မြို့တော်ဝန် အဲလစ်ကော်နှင့်ပတ်သက်သော စူးစမ်းချင်စရာကိစ္စက နိုင်ငံအနှံ့ရှိ အမျိုးမျိုးသော ဗျူဟာမြောက်နေရာများ သို့မဟုတ် ၎င်းအနီးတွင် ကာလရှည်ကြာဇာတ်မြှုပ်နေထိုင်သည့် သူလျှိုအဖွဲ့များ ရှိနေနိုင်သည်ဟူသော စိုးရိမ်ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့သည်။

ဖိလစ်ပိုင်ထိပ်တန်းအာဏာပိုင်များသည် ဖိလစ်ပိုင်မြေပေါ်၌ သြဇာလွှမ်းမိုးမှုစစ်ဆင်ရေးများတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသော တရုတ်သံတမန်များကို နှင်ထုတ်ရန် ထောက်ခံအားပေးလျက်ရှိပြီး ထိုစစ်ဆင်ရေးများသည် ဖိလစ်ပိုင် ထိပ်တန်း ရေတပ်ဗိုလ်ချုပ်ကြီး တဦးထက်မနည်းကို ပစ်မှတ်ထားသည်ဟု ဆိုသည်။

ယင်းကိစ္စကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွင် စိုးရိမ်ဖွယ်ရာ အလျင်အမြန် ယိုယွင်းလာနေပြီး နှစ်ဖက်စလုံးသည် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်နိုင်ခြေရှိသော လက်နက်ကိုင်ပဋိပက္ခဆီသို့ ဦးတည်နေကာ ထိုတိုက်ပွဲတွင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များလည်း ပါဝင်လာနိုင်သည်။

တရုတ်ကို ထောက်ခံသော သမ္မတဟောင်း ရိုဒရီဂိုဒူတာဒေးလက်ထက်တွင် ဖိလစ်ပိုင်နိုင်ငံရှိ မက်ထရို-မနီလာဒေသတလျှောက်ရှိ မဟာဗျူဟာမြောက် အဆောက်အအုံများအနီးတွင် ဖိလစ်ပိုင်ကမ်းလွန်ဂိမ်းလုပ်ငန်းများ (POGO) ဟု တရားဝင်ခေါ်ဆိုသော တရုတ်အွန်လိုင်းဂိမ်းနေရာများ အများအပြားပေါ်ပေါက်လာသောအခါ ဖိလစ်ပိုင်တွင် တရုတ်၏သြဇာလွှမ်းမိုးမှုစစ်ဆင်ရေးများအပေါ် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်လာကြသည်။

ဖိလစ်ပိုင်စစ်တပ်နှင့် ကာကွယ်ရေးဌာနရုံးများရှိသည့် Camp Aguinaldo ဌာနချုပ်၊ Camp Crame ဖိလစ်ပိုင်အမျိုးသားရဲဌာနချုပ်နှင့် ဖိလစ်ပိုင်လေတပ်နှင့် ရေတပ်ဌာနချုပ်တို့ အပါအဝင် အရေးပါသော ဖိလစ်ပိုင်အခြေစိုက်စခန်းများတဝိုက်တွင် တရုတ်အလုပ်သမားများနှင့် အွန်လိုင်းကာစီနိုလုပ်ငန်းလုပ်သူ ၁၃၀,၀၀၀ ခန့် နေထိုင်ကြသည်။

အလုပ်သမားအများအပြားသည် အထောက်အထားမဲ့ သို့မဟုတ် စာရွက်စာတမ်းအတုများဖြင့် နိုင်ငံတွင်းဝင်ရောက်လာသူများဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု အမျိုးသားလုံခြုံရေးအကြံပေး ဟာမိုဂျီးန်စ်အက်စ်ပရွန်က သတိပေးခဲ့သည်။

“အဆောက်အအုံတခုလုံး၊ ကွန်ဒိုမီနီယံနဲ့ တာဝါတခုလုံးကို နိုင်ငံသားတဦးတည်းက ပိုင်တဲ့အခါ သူတို့ရဲ့ လှုပ်ရှားမှုအားလုံးကို ခင်ဗျား လိုက်မကြည့်နိုင်တော့ရင် ခင်ဗျား စိုးရိမ်စ ပြုလာလိမ့်မယ်။ တချို့မလိုလားအပ်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အဲဒါတွေကို တားဆီးဖို့ လိုပါတယ်” ဟု ဖိလစ်ပိုင် အမျိုးသားလုံခြုံရေး အကြီးအကဲက ၂၀၁၉ ခုနှစ်တွင် သတိပေးခဲ့သည်။

“ POGO ဧရိယာအတွင်းမှာ ရှစ်နာရီတခါ လူတွေ အဝင်အထွက် လုပ်ကြတာကို ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ သူတို့ဘာတွေလုပ်နေလဲလို့ ခင်ဗျား တွေးမိလာမှာ။ ဒါက တရုတ်အွန်လိုင်းကာစီနိုတွေရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ သဘာဝအပေါ် သတိထားဖို့ဖြစ်လာစေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရန်ဇာနာက အရေးကြီးသော အမျိုးသားလုံခြုံရေး အဆောက်အအုံများနှင့် ဝေးကွာသော သီးသန့်နေရာများသို့ တရုတ်အွန်လိုင်းကာစီနိုများအားလုံးကို ရွှေ့ပြောင်းပေးရန် ထောက်ခံပြောဆိုခဲ့သည်။

“ဒီတရုတ်လူမျိုးအားလုံးဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို သူလျှိုအဖြစ် ပြောင်းဖို့ဆိုတာ အရမ်းလွယ်ပါတယ်။ သူတို့က ငါတို့ရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ အနီးမှာ ရှိနေကြတာပါ” ဟု ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ်က သတိပေးခဲ့သည်။

POGO များသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ပြီး ဒူတာဒေးအစိုးရက တရုတ်လောင်းကစားရုံများကို ပိတ်ရန် သို့မဟုတ် နေရာရွှေ့ရန် တောင်းဆိုမှုများကို ငြင်းဆိုခဲ့သည်။

အခုအချိန်တွင် ဘမ်ဘန်မြို့တော်ဝန် အဲလစ်ကော်အမှုက ကာလရှည်ကြာဇာတ်မြှုပ်နေထိုင်သည့် တရုတ်သူလျှိုများရှိနေနိုင်မှုအပေါ်
စိုးရိမ်စိတ် ဖြစ်စေခဲ့သည်။

မြို့တော်ဝန်သည် မကြာသေးမီက အထက်လွှတ်တော်ကြားနာမှုအတွင်း သူမ၏ မွေးစာရင်း၊ ပညာရေးအထောက်အထားနှင့် ဖိလစ်ပိုင်တွင် ကြီးပြင်းခဲ့ကြောင်း ခိုင်မာသောအထောက်အထားများ အပါအဝင် အခြေခံစာရွက်စာတမ်းများကိုပင် ပေးအပ်ရန် အခက်တွေ့နေခဲ့သည်။

အဲလစ်သည် Hong Sheng Gaming Technology ကုမ္ပဏီနှင့် ပူးပေါင်းခြင်း အပါအဝင် တရားမဝင် တရုတ်ကာစီနိုကစားဝိုင်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် စွပ်စွဲခံထားရသည်။ ထိုကုမ္ပဏီသည် တရားမဝင် လုပ်ငန်းများလုပ်ကိုင်မှု သံသယဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဝင်ရောက်စီးနင်းခံခဲ့ရပြီး ၂၀၂၄ ခုနှစ် မတ်လတွင် အမည်သစ်ဖြင့် လုပ်ငန်းပြန်စခဲ့သည်။ အဲလစ်ကော်က ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

“သူ လိမ်ညာနေတာပါ။ မေးခွန်းအများကြီးကို သူ လိမ်လည်ဖြေဆိုခဲ့တာပါ။ ထိတ်လန့်စရာကောင်းတဲ့ ဥပမာကတော့ မြူနီစပယ်အစိုးရရဲ့ စာရွက်စာတမ်းမှာ သူက လက်ရှိဥက္ကဋ္ဌလို့ ဖော်ပြထားတဲ့ Hong Sheng ကုမ္ပဏီနဲ့ အဆက်အစပ်မရှိဘူးလို့ ငြင်းဆိုထားတဲ့အချက်ပါပဲ” အဲလစ်ကော်အမှုအား ကြားနာမှုကို ဦးဆောင်သူ အထက်လွှတ်တော်အမတ် ရီဆာဟွန်တီဗာရော့စ်က ပြောခဲ့သည်။

“ဒီကိစ္စက သိသာပါတယ်။ ကျွန်တော်တို့ရဲ့ သုတေသနတွေအရ နိုင်ငံခြားသားတွေ တချို့နိုင်ငံတွေကို ဝင်ရောက်တဲ့အခါ ဒီလိုမျိုး အလားတူဖြစ်ရပ်တွေ ဖြစ်ကြပါတယ်။ သူတို့က တဖြည်းဖြည်းနဲ့ ဒေသခံတွေလို ဟန်ဆောင်နေမယ်။ နောက်ပြီး အလုပ်တာဝန်တွေ အများကြီးလုပ်ကြတယ်။ တချို့အလုပ်တွေက မနှစ်မြို့စရာကောင်းတဲ့ဟာတွေပါ။” ဟု အထက်လွှတ်တော်အမတ်က အဲလစ်ကော်သည် တရုတ်လွှမ်းမိုးမှုစစ်ဆင်ရေး၏ တစိတ်တပိုင်းဖြစ်နိုင်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်အာဏာပိုင်များသည် အဲလစ်ကော်၏ ဘမ်ဘန်မြို့ကဲ့သို့ အရေးပါသော စစ်ဘက်အဆောက်အအုံများရှိသည့် ကာဂါယန်ပြည်နယ်တွင် တရုတ်ကျောင်းသားဦးရေ အလျင်အမြန်တိုးလာမှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ကာဂါယန်ပြည်နယ်ရှိ တက္ကသိုလ်များတွင် တရုတ်ကျောင်းသား ၄,၀၀၀ ကျော်ရှိပြီး ထိုအရေအတွက်သည် ထိုင်ဝမ်ဘက်အခြမ်းရှိ မြောက်ပိုင်းပြည်နယ် ကာဂါယန်၌ အတော်အတန်သေးငယ်သော မြို့ပြစင်တာများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအတွက် ပုံမှန်မဟုတ်သော မြင့်မားသည့်အရေအတွက်ဖြစ်သည်ဟု ဖိလစ်ပိုင်အာဏာပိုင်များက ဆိုသည်။