သရက်ချောင်းတွင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရမှု ၇ ဦးသေဆုံး

ပုံစာ - ဒေါင်းညီနောင်စစ်ကြောင်းအားတွေ့ရစဉ်။

ကိုရွှေမြိတ်
မဇ္ဈိမ ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ (မေလ ၂၅ ရက်) နံနက် ၅ နာရီ ၅၅ မိနစ်တွင် တော်လှန်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ခုနစ်ဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံမှ သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအပါဝင် အင်အား ၁၅ ဦးမှ ၂၀ ဦးနီးပါး အထိုင်ချပြီး ပြည်သူများကိုစစ်ဆေးကာ ငွေအတောင်းကြမ်းသည့်ဂိတ်ဖြစ်ကြောင်း ဒေါင်းညီနောင်စစ် ကြောင်းသတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။
“တိုက်ပွဲဖြစ်တာ မိနစ် ၃၀ လောက်ကြာတယ်။ မျက်မြင်တွေ့ရတာကတော့ ပွဲဖြစ်တဲ့နေရာမှာလေး ယောက်သေတယ်၊ ကျန်တဲ့သုံးယောက်က သရက်ချောင်းဆေးရုံရောက်မှ သေတယ်”ဟု ဒေါင်းညီနောင် စစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗလာက ပြော သည်။
ဂိတ်ဖွင့်လှစ်ချိန်အတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့က အလစ်အငိုက်သွားရောက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အနည်းငယ်သာပစ်ခတ်နိုင်ခဲ့ပြီး စစ်ကူရောက်ရှိလာ၍ ပြန်လည်ဆုတ်ခွာလာခဲ့ ကြောင်း တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် ရဲဘော်များထံမှ သိရ သည်။
အဆိုပါ ပန်းတောသံတံတားဂိတ်အား တပ်မဟာ (၆) (တပ်ရင်း၂၇)၊ ကော်သူးလေအာမိ (KTLA) နှင့် ဒေါင်း ညီနောင်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့် မေလ ၁၉ ရက်နှင့် ၂၂ ရက်နေ့တို့တွင် စစ်ကောင်စီဂိတ်စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံး ခဲ့သည်။

စာတည်း။ ။စောဖေ