သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ၆ ဦး သေဆုံး

နေ့အိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်များအားတွေ့ရစဉ်။

နေ့အိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်များအားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ယခုလ မေ ၈ ရက်နေ့မှစ၍ ၂၀ ရက်နေ့အထိ ၁၃ ရက်တာကာလအတွင်း လေကြောင်းနှင့်စစ်သင်္ဘောတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ ပြုစုထားသော အချက်အလက်များအရ သိရသည်။

စစ်ကောင်စီတပ်သည်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာအပါဝင် ကျေးရွာပေါင်း ခြောက်ရွာကို မေလ ၈ ရက်နေ့မှ စတင်ကာ ကြည်း၊ ရေ၊ လေတို့ဖြင့် ထိုးစစ်ဆင်နေပြီး အနီးနားပတ်ဝန်းကျင် ကျေးရွာများသို့လည်း စစ်ကောင်စီက K8W, YAK 130, MI-2 လေယာဉ်တို့ဖြင့် အသုံးပြုပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ခြောက်ကြိမ်ထက်မနည်းပြုလုပ်ခဲ့‌ပြီး ဗုံး အလုံးရေ ၂၄ လုံးမှ ၃၀ လုံး အထိ ပစ်ချခဲ့သလို လေယာဉ်သုံး စက်သေနတ်ဖြင့်လည်း ပစ်ခတ်မှု ခုနစ်ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ ယနေ့( မေလ ၂၆ ရက်)မေးမြန်းချက်တွင် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုယောနသံ က ပြောသည်။

“လက်ရှိအချိန်အထိတော့ ဒီဒေသတွေမှာ ပြည်သူတွေ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရဆဲပါ၊ စစ်ရှောင်တွေလည်း အများကြီး အတိဒုက္ခတွေ ရောက်ခဲ့တယ်” ဟု ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက် အကူပြုရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုယောနသံက ပြောသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာ ကာလအတွင်း တနင်္သာရီဒေသတွင် ကြည်း၊ ရေ၊ လေတို့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အရှည်ကြာဆုံးသော တိုက်ပွဲတခု ဖြစ်ခဲ့သလို ထိုသို့ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ကနက်သီရိကျေးရွာ စာသင်ကျောင်းနှင့် ရငဲကျေးရွာမှ တိုက်နယ်ဆေးရုံတို့ကို မေလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပထမဆုံး အကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် အသက်မပြည့်သေးသော ၁၆ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းဆောင်အချို့နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ထိုအပြင် ရငဲတိုက်နယ်ဆေးရုံသည်လည်း ဗုံးဒဏ်ဖြင့် ထိခိုက်ပျက်စီးခဲ့ရကာ မေလ ၁၀ ရက်နေ့တွင် ကနက်သီရိကျေးရွာ ပြည်တော်သာ ဆိပ်ကမ်းအနီးသို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒုတိယအကြိမ် ဗုံးကြဲခြင်းနှင့် လေယာဥ်ပစ် စက်သေနတ်တို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ သုံးဦး ထပ်မံသေဆုံးခဲ့ပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရ သည်။

အလားတူ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လေယာဥ်ပစ် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် နှစ်ရက် ဆက်တိုက် ထပ်မံ ကျူးလွန်ခဲ့ပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှု အတွင်း အရပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ဘဲ အခြားသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၁၆ ရက်နေ့တွင် ကနက်သီရိ၊ ဂုံညှင်းဆိပ်၊ ကတွဲ စသောကျေးရွာ သုံးခုကို ပဥ္စမအကြိမ်မြောက် MI-2 ရဟတ်ယာဥ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဂုံညှင်းဆိပ်ကျေးရွာမှာ အရပ်သား နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦအချို့လည်း ထပ်မံပျက်စီးခဲ့ရပြန်သည်။

“လက်ရှိ အချိန် အထိတော့ စစ်ရှောင်တွေ နေရပ်မပြန်ရဲ့တဲ့သူတွေ ရှိနေသေးသလို စစ်တပ်ရဲ့ လေကြောင်းရန်ကို ကြောက်နေရတဲ့ ပြဿနာတွေ ရှိနေတယ်”ဟု ကိုယောနသံက ဆက်ပြောသည်။

ကနက်သီရိကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု၊ ရေကြောင်းမှ တိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများကြောင့် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ စသော ကျေးရွာပေါင်း လေးရွာမှ အရပ်သားပြည်သူ ၅,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရသည်။

ထို့အတူ ပဲဒက်စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားချိန်မှ စ၍ ပဲဒက်၊ ကျောက်ဆည်၊ ပိတောက်၊ ပေတခက်၊ ဆင်စွယ်ချောင်း၊ သရက်တောင်ကြီး၊ ဆင်မတန်း၊ အောက်သရက်ချောင်း စသောကျေးရွာများမှလည်း စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်။

ဂုံညှင်းဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေမှုကြောင့် ဒေသခံပြည်သူအချို့ စစ်ဘေးရှောင်နေကြရသည်။

လက်ရှိ သရက်ချောင်းမြို့နယ် တခုလုံးတွင် စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၈,၀၀၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး အကူအညီလိုအပ်နေသော စစ်ဘေးရှောင်ဦးရေမှာ ၅,၀၀၀ ဝန်းကျင်ခန့် ရှိလိမ့်မည်ဟု စစ်ရှောင်ကူညီပေးနေသူများက ခန့်မှန်းထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)