တရုတ် နှင့် စစ်ဖြစ်မည်ကို စိုးရိမ်မှုနှင့် အတူ သဘာဝဘေး အန္တရာယ် အတွက် ထိုင်ဝမ်အရပ်သားများ ပြင်ဆင်

ALJAZEERA

ထိုင်ဝမ် မြို့တော်ပေါ်သို့ ဒုံးကျည်တစင်း ထိမှန်ခဲ့ပြီး အေးချမ်းနေသော ပန်းခြံတခု အတွင်းသို့ အပျက်အစီးများ ကျရောက်ခဲ့သည်။ ယင်းဖြစ်ရပ်များမတိုင်မီ လမ်းသွားလမ်းလာများက အုတ်နှင့်ကျောက်တုံးများဖြင့် ခင်းထားသော လမ်းများတလျှောက် လမ်းလျှောက်နေကြသည်။ ကျောက်စိုင်ကျောက်တုံးများ အနှံ့ပြန့်ကျဲနေပြီး နေရာတိုင်းတွင် ဒဏ်ရာရသူများ နှင့် သေဆုံးသူများ ဖြင့် နာကျင်စွာ အော်ဟစ်အကူအညီတောင်းနေကြသည်။ မကြာမီတွင် ရှေးဦးပြုစုကူညီသူများက အကူအညီလိုသူများကို နေရာရွှေ့ပြောင်းခြင်း၊ ပြင်းထန် ဝေဒနာ ခံစားနေရသူများ၊ ဒဏ်ရာရသူများကို ကြိုးစားရှာဖွေ၍ လူများကို ဘေးကင်းရာသို့ သယ်ဆောင်နေကြသည်။

ယင်းမှာ စစ်မြေပြင် တခု ကဲ့သို့ ဖြစ်နေသော်လည်း အမှန်စင်စစ်တော့ မဟုတ်ပေ။ ထိခိုက်ဒဏ်ရာများ နှင့် သွေးထွက်ဒဏ်ရာများသည် အတုဖန်တီးမှုများဖြစ်ပြီး ဒဏ်ရာရသူများ သည် သရုပ်ဆောင်လေ့ကျင့်နေသူများ နှင့် ရှေးဦးပြုစုကူညီသူများမှာ သင်တန်းသားများဖြစ်သည်။ အဆိုပါဖြစ်ရပ်များ သည် အရပ်ဘက်ကာကွယ်ရေးအဖွဲ့ Kuma Academy မှ ဇန်နဝါရီ နှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် အရေးပေါ်အခြေအနေ လေ့ကျင့်မှုများ ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ရှစ်နာရီ ကြာမြင့်ခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေး အချက်ပေးချက်များကို တုံ့ပြန်ရန် လေ့ကျင့်ပေးခြင်း၊ ပတ်ဝန်းကျင်မြေပြင်ကို အကာအကွယ်အဖြစ် အသုံးပြုခြင်းနှင့် ရန်သူတပ်များ၏ ထောက်လှမ်းမှုကို ရှောင်ရှားခြင်းတို့လည်း ပါဝင်သည်။

“ဒီနေ့ အကြီးစားလေ့ကျင့်ခန်းမှာ ကျွန်တော်တို့ သင်တန်းသားတွေက လက်တွေ့ မြေပြင် အတွေ့အကြုံတွေ ရနိုင်ဖို့ လက်တွေ့ ဘဝအခြေအနေတွေကို အတုယူလုပ်ဆောင်နေပါတယ်” ဟု Kuma Academy မှ နည်းပြဆရာ ချန်ယိုင် က ရှင်းပြသည်။

အခြေခံ ရှေးဦးသူနာပြုစုခြင်း နှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးသင်တန်းသို့ သင်တန်းသား ၁၂၀ တက်ရောက်အောင်မြင်ခဲ့သည်။

ဘေးအန္တရာယ်တစ်ခု သို့မဟုတ် စစ်ပွဲတခုဖြစ်ပွားချိန်တွင် အခြေအနေ မည်သို့မည်ပုံဖြစ်မည်ကို နားလည်သဘောပေါက်ရန် လေ့ကျင့်လုပ်ဆောင်ခဲ့ကြောင်း ပါဝင်သူတဦးက ပြောသည်။ “ဒီလိုမျိုးဖြစ်လာရင် ပြင်ဆင်ထားသင့်တယ်” ဟု ၎င်းကပြောတယ်။ “စိတ်ပိုင်းဆိုင်ရာ နှင့် စိတ်လှုပ်ရှားမှုတွေကို ကောင်းကောင်း ထိန်းနိုင်လိမ့်မယ်။”

Kuma Academy သည် မကြာသေးမီနှစ်များအတွင်း လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး ယခုအခါ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် မဟုတ်မမှန်သော သတင်းအချက်အလက်များ ကို ထိန်းချုပ်ခြင်းမှ သည် နှစ်လုံးခုန်နှုန်း ပြန်လည်ရရှိရန် ကယ်ဆယ်ရေး နည်းလမ်းများ (CPR) နှင့် ထိခိုက်ဒဏ်ရာ များအား အရေးပေါ် ထိန်းချုပ်နိုင်သည်အထိ ခေါင်းစဉ်အမျိုးမျိုးဖြင့် သင်တန်းများနှင့် လေ့ကျင့်ခန်းများကို ပံ့ပိုးပေးသည်။

အဆိုပါအဖွဲ့အစည်းသည် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်ကျွန်းအနှံ့တွင် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များ၏ ကျယ်ပြန့်သော လှုပ်ရှားမှုအဖြစ် အရပ်သားများကို လေ့ကျင့်ရေးပေးရန် အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သည်။ သင်ခန်းစာများသည် အဓိကအားဖြင့် အကြမ်းမဖက်သော လူထုပြင်ဆင်မှုပုံစံများဖြစ်သည်။

အကြမ်းမဖက်သော လေ့ကျင့်မှုပုံစံများ ဖြစ်ပြီး တကြိမ်လျှင် သင်တန်းသား ၁၀၀ ကျော်ဖြင့် လက်တွေ့ကျသော အကြီးစားလေ့ကျင့်ရေးသင်ခန်းစာများကို လေ့ကျင့်ပေးသည်။ ဒေသခံ အဖွဲ့ငယ်များသည် လူထုဗဟိုပြုသော လေ့ကျင့်ခန်းများ နှင့် အရပ်ဘက်ကာကွယ်ရေးကိစ္စရပ်များ ပြုလုပ်ခဲ့သည်။

ကြိုးထုံးနည်း၊ ရှေးဦးသူနာပြုစုနည်း၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သိမ်းဆည်းထားရှိမှု၊ အရေးပေါ် ခရီးဆောင်အိတ်များ ထုပ်ပိုးခြင်းနှင့် အရေးပေါ် သွေးထွက်သံယိုအခြေအနေများကို ပြုစုကုသခြင်း စသည့် ဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိသည်။ ထို့ပြင် အွန်လိုင်းမှ သတင်းအချက်အလက်များကို အမှားနှင့် အမှန် ခွဲခြားခြင်း၊ မဟုတ်မမှန် လုပ်ကြံခြင်း ကို ခွဲခြားသိမြင်စေရန်နှင့် အွန်လိုင်းမှ ခြယ်လှယ်လှုံ့ဆော်မှုများကို တန်ပြန်ရန် စသည့် သင်တန်းများလည်း ပို့ချပေးသည်။

အရပ်ဘက်ကာကွယ်ရေးပြင်ဆင်မှုများသည် တရုတ် နှင့် ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုများ  ကြောင့်ဖြစ်ကြောင်း ထိုင်ပေရှိ Soochow University မှ နိုင်ငံရေးသိပ္ပံဌာနမှ လက်ထောက်ပါမောက္ခ ဖန်ယူချန် က ပြောသည်။

“ထိုင်ဝမ်လူမျိုးတွေက ထိုင်ဝမ်ကို တရုတ်က ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာ စိုးရိမ်ကြတယ်” ဟု ၎င်းက ဆိုသည်။

၁၉၄၉ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးကတည်းက အာဏာရရှိလာသော တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ် (တရားဝင် တရုတ်သမ္မတနိုင်ငံ) ကို တရုတ်၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

၂၀၂၂ တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် က ကျွန်းအား CCP ၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းရန် အင်အားသုံး လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Pew Research Center မှ ယမန်နှစ်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် တရုတ် ၏ အင်အားသည် ထိုင်ဝမ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ထိုင်ဝမ်ပြည်သူ ၆၆ ရာခိုင်နှုန်းက ယူဆကြောင်း ပြသခဲ့သည်။ ထိုင်ဝမ်ရှိ Academia Sinica ၏ ၂၀၂၃ စစ်တမ်းအရ တရုတ်၏ ခြိမ်းခြောက်မှုသည် မကြာသေးမီနှစ်များအတွင်း တိုးလာကြောင်း ထိုင်ဝမ်လူမျိုး ၈၃ ရာခိုင်နှုန်းနီးပါးက ယုံကြည်ကြသည်။

တရုတ်သည် မေ ၂၃ တွင် ထိုင်ဝမ်တစ်ဝိုက်ရှိ ရေပြင်နှင့် လေပိုင်နက်အတွင်း စစ်တပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးပျံတပ်ဖွဲ့များ ပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။ တရုတ်စစ်တပ်သည် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ် ခွဲထွက်ရေးသမားများနှင့် ပြင်ပအင်အားစုများကို ဟန့်တားရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရှီ သည် ၂၀၂၇ တွင် ထိုင်ဝမ်ကို ကျူးကျော်ရေး အဆင်သင့်ဖြစ်ရန် စစ်တပ်အား ညွှန်ကြားခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေး က ခန့်မှန်းကြောင်း သတင်းများက ဖော်ပြသည်။

ထိုင်ဝမ်အပေါ် အနာဂတ် တရုတ်၏ လုပ်ရပ်များအတွက် အလွန်စိုးရိမ်မိကြောင်း Kuma Academy ကို ပူးတွဲတည်ထောင်သူ ဟို က ပြောသည်။

“ထိုင်ဝမ်လူမျိုးတွေမှာ ကျွန်တော့်လိုဘဲ စိုးရိမ်မှုတွေ ရှိပေမယ့် သူတို့ ဘာလုပ်ရမှန်း၊ ဘယ်နေရာ သွားရမှန်း မသိကြတာ ကျွန်တော် တွေ့ရတယ်” ဟု ဟို က Al Jazeera သို့ပြောသည်။ ၎င်းသည် ၂၀၂၁ တွင် Kuma Academy ကို ပူးတွဲတည်ထောင်ခဲ့သည်။

သို့သော် Kuma Academy ကဲ့သို့သော အရပ်ဘက်ကာကွယ်ရေးအဖွဲ့များ ကြီးထွားလာမှုကို ထိုင်ဝမ်ရှိ လူတိုင်းက လက်ခံခြင်းမရှိပေ။ တရုတ်ကို ရန်စတိုက်ခိုက်ခြင်းဖြင့် ထိုင်ဝမ်ကျွန်ကို ပိုမို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အချို့က စိုးရိမ်မှုများ ရှိကြသည်။ အဖွဲ့ အစည်းအသစ်များနှင့် ပတ်သက်၍ အစိုးရထိန်းချုပ်ထားသော အရပ်ဘက်ကာကွယ်ရေးဖွဲ့စည်းပုံ ပျက်ကွက်ခြင်း၏ လက္ခဏာတရပ်အဖြစ် အချို့က ရှုမြင်ကြပြီး လက်ရှိစနစ်အား မြှင့်တင်ရန်နှင့် ချဲ့ထွင်ရန် နည်းပါးလွန်းသည့် အစိုးရအား အပြစ်တင်ကြသည်။

ထိုင်ဝမ်၏အရပ်ဘက်ကာကွယ်ရေးအခြေအနေသည် ပြီးပြည့်စုံခြင်းမရှိဟု  ဟို ကမြင်သော်လည်း ပြည်သူများအနေဖြင့် ၎င်း တည်ထောင်သော အဖွဲ့အစည်းများထံမှ အနည်းဆုံး အသက်ကယ်တင်နည်းကို သင်ယူနေကြသည် ဟု ဆိုသည်။

“ကျွန်တော်တို့က အရပ်သားတွေကို သူတို့ကိုယ်သူတို့ အချင်းချင်း ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ပေးချင်တယ်။ ဒါမှသာ စစ်ဖြစ်လာရင် အားလုံးက ပြင်ဆင်ပြီးသားဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

တရုတ် တိုက်ခိုက်မှုအတွက် ပြင်ဆင်ခြင်း သည် လွန်ခဲ့သော ၅ နှစ် ခန့် ရှိ ‌ဟောင်ကောင် အဖြစ်အပျက်များက စတင်ခဲ့ကြောင်း အသက် ၄၁ နှစ် ရှိ စာရင်းကိုင် အဲလက်စ် ယက် က ဆိုသည်။

၂၀၂၀ တွင် ဟောင်ကောင်အာဏာပိုင်များသည် ဟောင်ကောင်တွင် ဖြစ်ပွားသည့် ကြီးမားသော ဒီမိုကရေစီရေး ဆန္ဒပြပွဲများကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပြီး တရုတ် သည် အမျိုးသားလုံခြုံရေး ဥပဒေတရပ် ချမှတ်၍ ဟောင်ကောင်ဥပဒေအထက်တွင် တရုတ်ဥပဒေအား ထားရှိကာ ဟောင်ကောင်တွင် အမှုအခင်းများကို တရုတ်၌ စစ်ဆေးခွင့်ပြုခဲ့သည်။

တရုတ် ၏ ဟောင်ကောင် အပေါ် အုပ်ချုပ်မှုပုံစံဖြစ်သော “တစ်နိုင်ငံ၊ စနစ်နှစ်ခု” အယူအဆသည် ထိုင်ဝမ်အတွက်လည်း သင့်လျော်ကြောင်း ရှီက အလေးပေးပြောကြားခဲ့သည်။

“ထိုင်ဝမ်ရဲ့ အနာဂတ်နဲ့ ထိုင်ဝမ်အရပ်သားတွေ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေက ကျွန်မကို ထိတ်လန့်စေတယ်” ဟု အဲလ်စ် က ပြောသည်။

“ကျွန်မတို့အားလုံးက ကြိုတင်ပြင်ဆင်မှုနဲ့ ဘေးကင်းလုံခြုံရေး ပိုမိုကောင်းမွန်လာစေဖို့ တခုခုလုပ်ချင်ပါတယ်” “သူတပါးကိုလည်း ဘေးကင်းအောင် စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့” ဟု သူမက ထပ်လောင်းပြောသည်။

“ဒါကြောင့် ကျွန်မတို့ဟာ အမျိုးမျိုးသော ရှေးဦးသူနာပြုစုနည်းတွေနဲ့ အရပ်ဘက် ကာကွယ်ရေးသင်တန်းတွေကို စပြီး အတူတကွ ပုံမှန်လေ့ကျင့်ခဲ့တယ်။”

ယက် သည် ၎င်း ၏ သူငယ်ချင်းများနှင့် အတူ ကြံ့ခိုင်မှုနှင့် ရှေးဦးသူနာပြုစုရေး သင်တန်းများ ပြုလုပ်ရန် တပတ်လျှင် တကြိမ် ပန်းခြံသို့ လာရောက်သည်။

ဟောင်ကောင်ရှိ အဖြစ်အပျက်များသည် ယက် ကို ထိတ်လန့်စေသော်လည်း ထိုင်ဝမ် ၏ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် သူမသည် ပို၍ စိတ်ချရသည်ဟု ခံစားခဲ့ရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) မှသမ္မတ စိုင်အင်ဝမ် သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ထိုင်ဝမ်ကို ဟောင်ကောင်ကဲ့သို့ အဆုံးသတ်ခွင့်မပြုရန် စင်မြင့်ထက်တွင် နေရာယူခဲ့သည်။

“ဒီရွေးကောက်ပွဲရလဒ်က ထိုင်ဝမ်ကို ဟောင်ကောင်လို မဖြစ်ချင်ဘူးလို့ ရှင်းရှင်းလင်းလင်း သက်သေပြနေတယ်လို့ ကျွန်မ ထင်ပါတယ်” ဟု ယက် က ဆိုသည်။

သို့သော် ၂၀၂၂  သြဂုတ်တွင် တရုတ်စစ်တပ်သည် ထိုင်ဝမ်ရေလက်ကြားတွင် အကြီးမားဆုံး ရေတပ်စစ်ရေးလေ့ကျင့်မှုအချို့ကိုပြုလုပ်ခဲ့ပြီး ထိုင်ဝမ်တစ်ဝိုက်ရှိ ရေပြင်တွင် ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်မှုကိုလည်း ပေါင်းစပ်လုပ်ဆောင်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုအပြီးတွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် ထိုင်ဝမ်သို့ လာရောက်လည်ပတ်ခဲ့သည်။ သူမ၏ ခရီးစဉ်သည် တရုတ်ကို အလွန် ဒေါသ ထွက်စေခဲ့သည်။

တရုတ်စစ်ရေးလေ့ကျင့်မှုအတွင်း ယက် သည် ထောက်ပံ့ရေးပစ္စည်းများကို စတင်စုဆောင်းခဲ့သည်။ သူမ၏ မိသားစုအတွက် ၃ လစာ အစာ နှင့် ရေ အလုံအ‌လောက် စုဆောင်းခဲ့သည်။ “တရုတ်အစိုးရက ထိုင်ဝမ်ကို ပိုင်နက်အဖြစ်ပြုလုပ်ဖို့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး။ အခုဆိုရင် သူတို့ ပိုမိုအားကောင်းလာနေပြီ”  ဟု ယက် က ပြောသည်။

၂၀၂၂ အစောပိုင်းတွင် ရုရှားသည် ယူကရိန်းအနီး၌ စစ်ရေးလေ့ကျင့်မှု တခု ပြုလုပ်ခဲ့ပြီး မကြာမီ  စစ်ပွဲတစ်ခု လျှင်မြန်စွာ ဖြစ်လာခဲ့ကြောင်း သူမက ဆိုသည်။

“ယူကရိန်းမှာ ရုရှားရဲ့ လုပ်ရပ်တွေ နှင့် ကျူးကျော်မှုတွေ က အတိတ်မှာကျန်ခဲ့တဲ့ ခြိမ်းခြောက်မှု  မဟုတ်ဘူးဆိုတာကို လူတိုင်းကို ပြသခဲ့တယ်။ အဲဒါတွေက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ” ဟု သူမ က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲသည် ၎င်း အတွက် အရပ်ဘက်ကာကွယ်ရေး၏ အရေးပါမှုကိုလည်း ပြသနေကြောင်း ယူကရိန်းတွင် ၈ လကြာ နေထိုင်ခဲ့သည့် အမေရိကန် လွတ်လပ်သော ရုပ်ရှင်ဒါရိုက်တာ ဘရိုင်ယန် ဟော့ကင်းစ် က ပြောသည်။

“ယူကရိန်းပြည်သူတွေရဲ့ စုပေါင်းအားထုတ်မှုမရှိဘဲ ယူကရိန်း ရှင်သန်နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ဟော့ကင်းစ် က Al Jazeera သို့ ပြောကြားခဲ့သည်။

“ဒေသခံတွေက ထောက်ပံ့ရေး နဲ့ ဖြန့်ဖြူးရေး စင်တာတွေ လည်ပတ်နေတာ၊ အဖွားအိုတွေက ပိုက်ကွန်ထောင်ခြောက် တွေ ယက်လုပ်နေတာ၊ ပြီးတော့ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတာ တွေကို ကျွန်တော် တွေ့ခဲ့ရတယ်” ဟု ၎င်းက ရှင်းပြသည်။ “ဒီလိုကြိုးစားမှုမျိုးမရှိရင် ယူကရိန်းနိုင်ငံသားတွေ နောက်ထပ် အများကြီး သေသွားလိမ့်မယ်။” ဟု ၎င်း က ဆိုသည်။

အဆိုပါ အတွေ့အကြုံသည် ထိုင်ဝမ် အရပ်သားများအား တရုတ်တို့၏ တိုက်ခိုက်ခံရမှုတွင် ပါဝင်ကူညီရာ၌ အဆင်သင့်ဖြစ်ရန် တွန်းအားပေးခဲ့သည်။ “အရပ်သားအဖွဲ့အစည်းဒေသများတွင် ခိုင်မာသော အရပ်ဘက်ကာကွယ်ရေး အခြေခံအဆောက်အအုံ တခု အရေးကြီးလိုလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဟော့ကင်းစ် သည် ယူကရိန်းတွင် မြင်တွေ့ခဲ့ရသမျှကို သင်ခန်းစာများအဖြစ် ပြောင်းလဲ၍ စစ်ပွဲတွင် စောစီးစွာ ပြိုလဲသွားနိုင်ခြေရှိသော နည်းပညာပိုင်းကို အလွန်အကျွံအားမကိုးဘဲ “မမျှော်လင့်သော အချိန်တွင် ဖြစ်လာနိုင်သည့် စစ်ပွဲတွင် မမျှော်လင့်ဘဲကြုံတွေ့ နိုင်သည့် အခက်အခဲများ” အတွက် ကြိုတင်ပြင်ဆင်ခဲ့သည်။ စိတ်ကျန်းမာရေးအထောက်အကူများကိုလည်း ဦးစားပေးလုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်စစ်တပ်နှင့် လက်ရှိအရပ်ဘက်ကာကွယ်ရေးအစပျိုးမှုများတွင် အချို့က ယုံကြည်မှုနည်းပါးကြောင်း ဖော်ပြကြသည်။

အရပ်ဘက်ကာကွယ်ရေးပြင်ဆင်မှုသည် ထိုင်ဝမ်အတွက် အကောင်းဆုံးနှင့် အဆိုးဆုံးအန္တရာယ်ဟု အသက် ၅၈ နှစ်အရွယ် မူလတန်းကျောင်းဆရာမ ဂျူဒီချန်း က ယူဆသည်။ “ဒီလိုလုပ်ဆောင်မှုတွေက တရုတ်ကို ဆန့်ကျင်ပြီး ထိုင်ဝမ်ကို အင်အားသုံးဖို့ ပိုလို့တောင် စိတ်ပိုင်းဖြတ်ထားမှာကို ကျွန်မ ကြောက်တယ်” ဟု သူမက ရှင်းပြသည်။

“တရုတ်နဲ့ စစ်ပွဲဟာ ထိုင်ဝမ်ရဲ့အဆုံးသတ်ဖြစ်ပြီး ထိုင်ဝမ်လူမျိုးတွေ ဘယ်လောက်ပဲ CPR ကိုသိနေပါစေ ထိုင်ဝမ်ပြည်သူတွေ အများကြီးသေစေလိမ့်မယ်” ဟု ၎င်း ကဆိုသည်။

ထိုင်ဝမ်သည် တရုတ် နှင့် ပိုမိုတွေ့ဆုံဆွေးနွေးပြီး စစ်ပွဲအန္တရာယ်ကို လျှော့ချရန် အာရုံစိုက်သင့်ကြောင်း သူမက ယုံကြည်သည်။ “ဒါကြောင့် ရွေးကောက်ပွဲတိုင်းမှာ တရုတ်အမျိုးသားရေးပါတီကို ကျွန်မ မဲပေးခဲ့တယ်” ဟု သူမက ဆိုသည်။

ကူမင်တန်ပါတီ သို့မဟုတ် KMT ပါတီ ဟု လူသိများပြီး ထိုင်ဝမ်သမ္မတအဖြစ် ၂၀၀၈ မှ ၂၀၁၆ အထိ တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်ဟောင်း မရင်ဂျောင်း အား ထောက်ခံသူဖြစ်ကြောင်း ချန် က ပြောကြားသည်။

“ကိုယ့်ကိုကိုယ် ဘယ်လောက်ပဲ ကာကွယ်နေပါစေ တရုတ်နဲ့ စစ်ပွဲကို နိုင်အောင် မတိုက်နိုင်ဘူး။ တရုတ်က ကျွန်တော်တို့ထက် အားကောင်းလွန်းတယ်” ဟု မရင်ဂျောင် က မှတ်ချက်ပေးခဲ့သည်။

မရင်ဂျောင် ၏ သမ္မတသက်တမ်းအတွင်း ထိုင်ဝမ်၏ ကာကွယ်ရေးအသုံးစရိတ်သည် ပြည်တွင်းထုတ်ကုန်စုစုပေါင်း (GDP) ၏ ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး စစ်မှုထမ်းကာလ တနှစ်မှ လေးလအထိ လျှော့ချခဲ့၍ ထိုင်ဝမ်စစ်တပ်အား စေတနာ့ဝန်ထမ်းအင်အား အဖြစ် ပြောင်းလဲခဲ့သည်။

အခြားဘက်တွင်မူ ထိုင်ဝမ်သည် မိမိ ၏ ကိုယ်ပိုင် “အားသာချက်များ” ကို တည်ဆောက်ပြီး တရုတ်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်ရမည်ဟု DPP က အလေးပေးပြောကြားခဲ့သည်။

စိုင်အင်ဝမ် ၏ ၂၀၁၆ မှ ၂၀၂၄ သမ္မတသက်တမ်း ကာလအတွင်း မရင်ဂျောင် ၏ မူဝါဒအများအပြားကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ရွေးကောက်ပွဲအပြီး မကြုံစဖူးတတိယမြောက် သမ္မတသက်တမ်းကို ရရှိခဲ့သည့် DPP အစိုးရသည် စစ်မှုထမ်းသက်ကို လေးလမှ တနှစ်သို့ တိုးမြှင့်၍ စစ်အသုံးစရိတ်ကို GDP ၏ ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။

မေ ၂၀ တွင် ရာထူးတာဝန်ယူခဲ့သော ထိုင်ဝမ်၏ လက်ရှိသမ္မတ ဝီလျံလိုင်ချင်တီသည် အဆိုပါမူဝါဒများကို ဆက်လက်လုပ်ဆောင်ရန် ကတိပြုထားသည်။ လိုင်သည် အန္တရာယ်များသော ခွဲထွက်ရေးသမားဖြစ်ကြောင်း တရုတ် က စွပ်စွဲထားပြီး KMT မှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်ဆံနေသော်လည်း DPP အစိုးရနှင့် ဆက်သွယ်ရန် ငြင်းဆိုထားသည်။

ထို့ကြောင့် DDP သည် ထိုင်ဝမ်ရေလက်ကြားတွင် စစ်ပွဲပြင်ဆင်နေသည်ဟု KMT က စွပ်စွဲနေပြီး တရုတ်ကို ဦးညွှတ်ခယ နေကြောင်း DPP က ဆိုသည်။

Kuma Academy ကဲ့သို့သော အဖွဲ့အစည်းများသည် စစ်ပွဲအတွင်း မည်ကဲ့သို့သော ခြားနားချက်မျိုးကို ဖန်တီးနိုင်သည် နှင့် ရာဇ၀တ်မှုများနှင့် ဆက်နွှယ်နေနိုင်သည်ဟု စွပ်စွဲရန်အထိ KMT ၏ ကိန်းဂဏန်းအချက်အလက်များက မေးခွန်းထုတ်ခဲ့ကြသည်။

Kuma Academy ၏ ပင်မအလှူရှင်များထဲမှ တဦးဖြစ်သည့် ဘီလီယံနာ ရောဘက်ဆောင် က ထိုင်ဝမ်အရပ်ဘက်ကာကွယ်ရေးအဖွဲ့များသို့ ၎င်း၏ လှူဒါန်းငွေအချို့သည် သာမန် အရပ်သားများထဲမှ ကျွမ်းကျင်သူပေါင်း ၃၀၀၀၀၀ ကို  လေ့ကျင့်ပေးမည်ဟု ကြေညာသောအခါ Kuma Academy ၏ လေ့ကျင့်မှု သဘောသဘာဝနှင့် ရည်ရွယ်ချက် အပေါ် မေးခွန်းများထုတ်လာခဲ့သည်။ .

ဇန်နဝါရီ တွင် Kuma Academy မှ ဦးဆောင်ခဲ့သော လေ့ကျင့်မှုမျိုးကဲ့သို့ပင် ဧပြီလဆန်းပိုင်းတွင် Taichung Self-Training Group မှ ပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါ လေ့ကျင့်မှုသည် တိုက်ခိုက်ရေးထက် ငလျင်ဘေးအန္တရာယ် တုန့်ပြန်မှု အဖြစ် တင်ပြခဲ့သည်။

“ကျွန်မတို့ အဖွဲ့အစည်းတွေ အနေနဲ့ စစ်ပွဲကို အဓိက ထားမယ်ဆိုရင် လူအများ က ပါဝင်ဖို့ စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ ကျွန်မတို့တွေ ငလျှင်လှုပ်တာမျိုးလို အထွေထွေဘေးအန္တရာယ် တုန့်ပြန်ရေးကို အဓိက ထားတယ်” ဟု အဖွဲ့တည်ထောင်သူ အသက် ၃၆ နှစ်အရွယ် ယူချောင်ချန်း  က  Al Jazeera သို့ ပြောသည်။ သူမသည် သူနာပြု တဦးဖြစ်ပြီး တောင်တက်ဝါသနာပါသူ လည်းဖြစ်သည်။

“စစ်ဖြစ်နိုင်ခြေရှိတယ်လို့ ထိုင်ဝမ်တော်တော်များများက လက်မခံကြဘူး” ဟု သူမ က ပြောသည်။

ဘေးအန္တရာယ်တမျိုးအတွက် လေ့ကျင့်သင်ကြားခြင်းမှရရှိသော ကျွမ်းကျင်မှုများသည် စစ်ပွဲအတွက် လူထုအား သွယ်ဝိုက်သောနည်းဖြင့် ပြင်ဆင်ကူညီနိုင်စေပြီး မတူညီသော ဘေးအန္တရာယ်မျိုးတွင် အသုံးချနိုင်ခြင်း က ကံကောင်းခြင်းဖြစ်သည်။

“ဒါကြောင့် ရပ်ရွာတခုကို တိုက်ခိုက်မှုတခုကြောင့် ခံနိုင်ရည်ရှိဖို့ တခြားလေ့ကျင့်မှုတွေနဲ့ ပြင်ဆင်မှုမျိုးတွေကနေ တဆင့် တိုးလာနေပြီ” ဟု သူမက ရှင်းပြသည်။

“ဒါကြောင့် ပြည်သူတွေက ရှေ့တန်းကို ကောင်းကောင်းပံ့ပိုးနိုင်ဖို့ အဆင်သင့်ရှိပြီး အစိုးရကို ဆုံးဖြတ်ချက်မြန်မြန် ချဖို့ တွန်းအားပေးနိုင်တဲ့ အထိ ထိတ်လန့်တုန်လှုပ်မှု နည်းနေပါပြီ။”

“အရပ်ဘက် ကာကွယ်ရေးသင်တန်းအတွက် လှုံ့ဆော်မှုနဲ့ ပြင်ဆင်တာက သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက လူတွေကိုယ်တိုင် အဲဒါကို လုပ်တာပါ” ဟု အသက် ၄၇ နှစ်အရွယ် ရှီး က ပြောသည်။

၎င်းသည် ထိုင်ဝမ်တဝှမ်းရှိ လူမှုအသိုက်အဝန်းများနှင့် လက်တွဲလုပ်ဆောင်ခဲ့သော အရပ်ဘက်ကာကွယ်ရေးနှင့် အရပ်ဘက်ခုခံရေးဆိုင်ရာ စည်းရုံးရေးမှူးနှင့် နည်းပြတဦးဖြစ်သည်။

“ကျွန်တော်က လက်တွေ့ကျတဲ့ အရာတွေဖြစ်တဲ့ CPR လုပ်နည်း၊ အရေးပေါ် ပတ်တီးစည်းနည်း၊ လူတွေကို ဘေးကင်းအောင် ဘယ်လိုသယ်သွားရမလဲ ဆိုတာ သင်တန်းပေးတယ်” ဟု ထိုင်ဝမ် တောင်ပိုင်းရှိ လူထု ဌာန တခုတွင် ရှင်းပြသည်။

ထိုင်ဝမ်တွင် ၁၉၉၉ စက်တင်ဘာ ၂၁ ရက် ၌ ရစ်ခ်ျတာစကေး ၇ ဒသမ ၇ ရှိ ပြင်းထန်သော ငလျင်တခု သည် ကျွန်း၏တောင်တန်းအလယ်ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သည်။ လူပေါင်း ၂၄၀၀ ကျော်သေဆုံးပြီး ၁၁၃၀၀ ဒဏ်ရာရရှိခဲ့သည်။

ထိုင်ဝမ်အစိုးရသည် အရပ်သားကာကွယ်ရေး၊ စည်းရုံးရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးတွင် တရားဝင် တာဝန်ရှိသည်ဟု ယူဆရသော်လည်း ရှေ့တန်းရဲဘော်များသည် လုပ်ငန်းတာဝန်အတွက် လေ့ကျင့်သင်ကြားခြင်းနှင့် ပြင်ဆင်မှုနည်းပါးခြင်းအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ ထို့ပြင် ဥပဒေပြုအမတ်များနှင့် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အစိုးရအား အရပ်ဘက်ကာကွယ်ရေးကို ပိုမိုအရေးတကြီးလုပ်ဆောင်ခြင်းမပြုသည့်အတွက် ဝေဖန်ခဲ့ကြသည်။ အရပ်ဘက်ကာကွယ်ရေးအတွက် သတ်မှတ်ထားသော ပြည်သူ့ဘဏ္ဍာငွေအနည်းငယ်ကိုသာ စေတနာ့ဝန်ထမ်းလေ့ကျင့်ရေးများအတွက် အသုံးပြုနေသည်။

အရပ်ဘက်ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပိုမိုပြုလုပ်ရန် တောင်းဆိုမှုများကို လိုက်လျောညီထွေ ဖြစ်စေရန် စစ်တပ်သည် စစ်ပွဲအခြေအနေတွင် လမ်းညွှန်ချက်တခုအဖြစ် ၂၀၂၂ တွင် အရပ်ဘက်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်စာအုပ်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် စာအုပ်၏ ဗားရှင်းအမျိုးမျိုးတွင် ဖျက်သိမ်းထားသော အရေးပေါ် နံပါတ်များ၊ အလုပ်မလုပ်သော အင်တာနက်လင့်ခ်များနှင့် တယ်လီဖုန်းနံပါတ်များအပြင် စစ်လက်နက်ကိရိယာများ၏ တိကျမှန်ကန်မှုမရှိသော ရုပ်ပုံဖော်ပြချက်များ ပါ၀င်နေသောကြောင့် ဝေဖန်ခံရသည်။

“ရှိပြီးသားအရပ်ဘက်ကာကွယ်ရေးစနစ်က အလုပ်တာဝန်နဲ့အညီ လည်ပတ်နေမယ်ဆိုရင် ဒီအရပ်ဘက်ကာကွယ်ရေး အဖွဲ့အသစ်တွေကို တည်ထောင်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ရှီး ကပြောသည်။

ထိုင်ဝမ်ပြည်သူများသည် ငလျင်လှုပ်ခတ်ပြီးနောက် တုန့်ပြန်မှုများ လုပ်ဆောင်ရန် လိုအပ်သည် ဟု သိရှိလာကြောင်း ၎င်း က ယုံကြည်သည်။ ကနဦးတုံ့ပြန်မှုများ နှေးကွေးပြီး ညှိနှိုင်းလုပ်ဆောင်မှု မရှိသည့်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသော်လည်း နောက်ပိုင်းနှစ်များတွင် အရေးပေါ်တုံ့ပြန်မှုများကို ပိုမိုကောင်းမွန်လာစေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီး အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ခဲ့သည်။

ယခုနှစ် ဧပြီအစောပိုင်းတွင် ထိုင်ဝမ်၌ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၂ ရှိသော ငလျင်တခု လှုပ်ခတ်ခဲ့ရာ လူ ၁၈ ဦး သေဆုံး၍ ၁၀၀၀ ခန့် ဒဏ်ရာရခဲ့သည်။

ထိုင်ဝမ်သည် ၁၉၉၉ ခုနှစ် ငလျင်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွင် ရရှိခဲ့သည့် အလားတူ အရပ်ဘက်ကာကွယ်ရေးအတွက် နှိုးဆော်မှုတခု လိုအပ်ကြောင်း ရှီး က ဆိုသည်။ ” ကျွန်တော်တို့ မကြာခင် ဒါတွေ လုပ်ဆောင်ဖို့လိုအပ်လာမှာပါ။ ဘာကြောင့်လဲဆိုရင် စစ်ရေးပဋိပက္ခကြီးတခု ဖြစ်လာမှ ရုန်းထွက်ဖို့ လုပ်မယ်ဆိုရင် လုံးဝ မငြိမ်မသက်ဖြစ်သွားမှာပါ။ ” ဟု ၎င်း ကဆိုသည်။