ဖလားလက်မဲ့ရာသီဖြစ်ပြီးနောက် နည်းပြ ဇာဗီကို ဘာစီလိုနာ ထုတ်ပယ်

By PKThawn

ကက်တလန်ဘီလူးကြီးတွေဟာ ဒီရာသီ ဖလားလက်မဲ့ဖြစ်ခဲ့ပေမယ့် ဇာဗီဟာနန်ဒက်ဇ်အနေနဲ့ နည်းပြရာထူးမှာ ဆက်ရှိနေဖို့ ကလပ်ဥက္ကဋ္ဌ ဂျုံးလာပေါ်တာနဲ့ သဘောတူညီပြီးနောက်ပိုင်း သီတင်းပတ်အနည်းငယ်အကြာမှာ ဘာစီလိုနာဟာ ဇာဗီကို ထုတ်ပယ်ခဲ့ပါတယ်။

ထွက်ခွာမသွားခင် ဇာဗီဟာ တနင်္ဂနွေနေ့မှာ ဆီဗီလာနဲ့ ကစားမယ့် အသင်းရဲ့ နောက်ဆုံး လာလီဂါပွဲစဉ်ကို ကိုင်တွယ်ပါလိမ့်မယ်။

“ဇာဗီဟာနန်ဒက်ဇ်ဟာ ၂၀၂၄-၂၅ ရာသီအတွက် နည်းပြအဖြစ် ဆက်ရှိနေမှာမဟုတ်တော့ပါဘူး။ ဒီအကြောင်းကို ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက သူ့ဆီ ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်”

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီနည်းပြဟောင်း ဟန်ဆီဖလစ်ဟာ ဇာဗီနေရာကို အစားထိုးဝင်ရောက်လာပြီဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ရာသီကုန်မှာ ထွက်ခွာမယ်လို့ ဇာဗီက ဇန်နဝါရီလမှာ ပြောကြားခဲ့ပေမယ့် အသင်းက ပုံစံကောင်းပြန်လည်ပြသလာခဲ့ပြီးနောက် လာမယ့်ရာသီမှာ နည်းပြအဖြစ် ဆက်ရှိသွားဖို့ သူနဲ့ ဥက္ကဋ္ဌ လာပေါ်တာတို့ ဧပြီလမှာ သဘောတူညီခဲ့ကြပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၂၅ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးယဲလ်မက်ဒရစ်နဲ့ တခြားဥရောပထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ငွေရေးကြေးကျပ်တည်းနေတဲ့ကလပ်အတွက် ခက်ခဲတယ်ဆိုတဲ့ ဇာဗီရဲ့ မှတ်ချက်တွေကြောင့် လာပေါ်တာဟာ ဒေါသထွက်ခဲ့ပြီး အခြေအနေဟာ အလျင်အမြန် ပြောင်းလဲခဲ့တယ်လို့ စပိန်မီဒီယာက ဖော်ပြခဲ့ပါတယ်။

Ref; AFP