မြောက်ကိုရီးယားနဲ့ ပွဲစဉ်ကို ဖျက်သိမ်းပြီးနောက် ဂျပန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နောက်တဆင့်တက်ဖို့ရှိ

By PKThawn

မြောက်ကိုရီးယားမှာ ယှဉ်ပြိုင်မယ့် သူတို့တွေရဲ့ ပွဲစဉ်ကို ပြန်စီစဉ်မှာမဟုတ်ဘူးလို့ ဖီဖာက ပြောကြားပြီးတဲ့နောက် ဂျပန်အသင်းဟာ ဒီပွဲမကစားရဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ နောက်ဆုံးအဆင့်ကို တက်လှမ်းဖို့ အသင့်ရှိနေပါတယ်။

မြောက်ကိုရီးယားဟာ အင်္ဂါနေ့မှာ မြို့တော် ပြုံယမ်းမှာ ခြေစစ်ပွဲအဆင့်ကို စီစဉ်ထားပေမ့ယ် ပွဲမစခင် ငါးရက်အလိုမှာ တာဝန်ရှိသူတွေက အကြောင်းပြချက်မရှိဘဲ အထီးကျန်နိုင်ငံဟာ လက်ခံမကစားနိုင်ကြောင်း ရုတ်ခြည်းပြောဆိုခဲ့တာပါ။

ပွဲစဉ်ကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံတကာဘောလုံးပြက္ခဒိန်မှာ နေရာလွတ်မရှိခြင်းကြောင့် ဒီပွဲကို “ကစားရမှာ မဟုတ်သလို၊ ပြန်စီစဉ်ပေးမှာလည်း မဟုတ်ဘူး”လို့ ဖီဖာက သီတင်းပတ်ကုန်မှာ ကြေညာခဲ့တယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က သောကြာနေ့မှာ ပြောပါတယ်။

“ဒီကိစ္စနဲ့ ပွဲစဉ်ရလဒ်ကို ဖီဖာ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဆက်လက်သုံးသပ်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်”လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထပ်လောင်းပြောခဲ့ပါတယ်။

ရလဒ်အနေနဲ့ မြောက်ကိုရီးယားက ၃-၀ ဂိုးနဲ့ အရှုံးပေးရနိုင်ပြီး ဒါက အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ရှိတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်ဆီ ဂျပန်အသင်းကို ပို့ပေးပါလိမ့်မယ်။

ဂျပန်ဟာ ကြာသပတေးနေ့က တိုကျိုမှာ မြောက်ကိုရီးယားကို ၁-၀ ဂိုးနဲ့ အနိုင်ယူကာ အာရှခြေစစ်ပွဲအုပ်စု B မှာ ၃ ပွဲကစား၊ ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

စပိန်နဲ့ ဂျာမနီတို့ကို အနိုင်ရပြီးနောက် ဂျပန်အသင်းကို ကာတာကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်ဆီ ပို့ပေးခဲ့တဲ့ နည်းပြ မိုရီယာဆုဟာ အိမ်ကွင်းအကျော့မှာ စွမ်းဆောင်ရည်ပိုင်း ကျေနပ်မှုမရှိခဲ့တဲ့နောက် မြောက်ကိုရီးယားပွဲကို တိုးတက်မှုတွေပြုလုပ်ဖို့ အခွင့်အရေးတရပ်အဖြစ် အာရုံစိုက်ထားပါတယ်။

“ကျနော်တို့ဟာ စိုးရိမ်စရာ နေရာတွေနဲ့ တိုးတက်မှုအတွက် အလားအလာကောင်းရှိတဲ့ နေရာတွေကို ပြုပြင်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရလို့ ကံမကောင်းလှပါဘူး”လို့ သူက သောကြာနေ့မှာ ပြောပါတယ်။

“ကျနော်တို့ အခုအချိန်ထိ တည်ဆောက်ထားပြီးသား အုတ်မြစ်ကို အခြေခံတဲ့ အသင်းတသင်းအဖြစ် တိုးတက်လာဖို့ ရည်မှန်းထားပါတယ်။”

ဂျပန်အသင်းဟာ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ရေးပန်းစားဆုံးအသင်းလို့ ယူဆထားခဲ့ပေမယ့်လည်း အီရန်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ကာ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

(AFP)