ဖြူးမြို့နယ်တွင် လက်နက်ကြီးထိမှန်၍ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး သေဆုံး

ပုံအညွှန်း- ဒဏ်ရာရသူအချို့

ပုံအညွှန်း- ဒဏ်ရာရသူအချို့

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဥသျှစ်ခင်အနောက်ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲ၍ အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရ သည်။

ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၅ နာရီဝန်းကျင်က ဥသျှစ်ခင်အနောက်ရွာ၊ ရွာလယ်လမ်းမပေါ်သို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲရာမှ အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ လက်နက်ကြီးကျပြီးတော့ အနားက အိမ်တွေ၊ လူတွေ ထိတယ်ပေါ့။ အိမ် တွေ ပျက်စီးတာလည်းရှိတယ်” ဟု သတင်းရင်းမြစ်တဦးကပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ဥသျှစ်ခင်အနောက်ရွာမှ မအိအိစိုး(၁၈ နှစ်)၊ ဒေါ်နွဲ့( ၆၀ နှစ်)နှင့် အသက် တနှစ်ကျော်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပြီး အသက်လေးနှစ်အရွယ် မောင်ကောင်းပြည့်လျှံ၊ အသက် ၂၅ နှစ်အရွယ် မအိထက်စန္ဒီကျော်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်သန္တာ၊ အသက် ၃၉ အရွယ် ဦးဇော် မင်းနှင့် အသက် ၃၀ အရွယ် ဒေါ်မာမာလွင်တို့ဒဏ်ရာများရခဲ့ကာ ဖြူးမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေကြောင်း သိရသည်။

“အိမ်ထဲမှာ ဦးစောလှ၊ဒေါ်နွဲ့တို့ မိသားစုတွေဝိုင်းဖွဲ့စကားပြောနေတုန်း အိမ်ခေါင်မိုးပေါ် တည့်တည့်ကျပြီး ပေါက်ကွဲတာ။ ဒေါ်နွဲ့က ဗိုက်ပွင့်ထွက် ခြေထောက်ပြတ်ပြီး သေသွားတယ်။ တနှစ်သားအရွယ်ကလေးနဲ့ မအိအိဆိုတဲ့ကောင်မလေးလည်း သေတယ်။ ငါးယောက်က ဆေးရုံတင်ထားရတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။

ပုံအညွှန်း- ဒဏ်ရာရသူအချို့

ယခုကဲ့သို့ အရပ်သားများထိခိုက်သေဆုံးခြင်းသည် ကညွတ်ကွင်းမြို့အခြေစိုက် ခမရ(၄၃၉)နှင့် ကျွဲနွယ် ဂုတ်ကျေးရွာအထိုင်ချ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဖြစ် သည်ဟု ဒေသခံတဦးက ဆိုသည်။

“ကညွှတ်ကွင်းအရှေ့က ခမရ(၄၃၉)တပ်ထဲကနေ ပစ်တာ။ ကျွဲနွယ်ဂုတ်ရွာထဲမှာ တပ်စွဲနေတဲ့ကောင်တွေ ကလည်းပစ်တယ်၊ အသလွတ်ပစ်နေတာ တရစပ်ပဲ။ ရေတွင်းကုန်းနဲ့ အင်ပင်သာထဲလည်း ကျတာရှိတယ်။ အဲဒီဘက်မှာတော့ လူအထိအခိုက် မကြားမိဘူး” ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကမူ KNU/ PDF များက ကျေးရွာများအတွင်း Drop Bomb များပစ်ချ၍ ပြည်သူများ ထိခိုက်သေဆုံးသည်ဟု ဖော်ပြနေကြသည်။

ဒေသခံများထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ KNU တပ်မဟာ(၃) မုန်းမြို့နယ်မှ ပြောရေးဆိုခွင့်ရှိသူနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲ ရဲဘော်တင်ဦးထံ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃)၊ ညောင်လေးပင်ခရိုင်အတွင်း နေထိုင်သည့် အရပ်သားနှစ်ဦးဒဏ်ရာရ၍ နေအိမ်၊ အဆောက်အဦး ပျက်စီးမှုများရှိကြောင်း KNU ဗဟို၏ မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။စောဖေ