မိုးနှင့်လေပြင်းကြောင့် စစ်ရှောင်များအခက်ကြုံ၊မိုးသတိပေးချက်ဆက်ရှိ

မင်းတပ်မြို့တွင် မတ်လ ၂၁ ရက်နေ့က မိုးနှင့်လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားနေသည့် နေအိမ်တလုံး။ (ပုံ-လူမှုကွန်ရက်)

ရောင်နီ

(မဇ္ဈိမ)။ ။တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယမန်နေ့ မတ်လ ၂၁ရက်က နေရာကွက်မိုးရွာခြင်း၊‌ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံစစ်ဘေး‌ရှောင်များအခက်အခဲကြုံတွေ့ခဲ့ရသည်။

စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့်ကရင်နီပြည်နယ်မြို့နယ်အချို့တို့၌ ယမန်နေ့ညနေနှင့် ညပိုင်းက လေပြင်းတိုက်ခိုက်ပြီး မိုးရွာခဲ့ခြင်းဖြစ်သည်။

” တောထဲမှာ စစ်ရှောင်နေရတာဆိုတော့ မိုးရွာသွန်းမှုကြောင့် အခက်အခဲတွေ ကြုံ့ရတာရှိတယ်။ ဒီ့ထက် မိုးအရမ်းရွာလာရင်တော့ ပြဿနာပိုရှိမှာပေါ့။ မိုးကာတွေ၊ ခင်းအိပ်တဲ့ဟာတွေ လိုအပ်တာရှိတယ်” ဟုစစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူတဦးက ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိ တောအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများသည်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မိုးကာများအရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့်ကရင်နီပြည်တွင် ဒေသတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်အများအပြားရှိနေသည်။ ယမန်နေ့က အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်အများအပြား အခက်အခဲကြုံတွေ့ခဲ့သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ CDM ပညာရေးဝန်ထမ်းတဦးက ” စစ်ကြောင်းဝင်လာလို့ ဒေသခံတွေ ပြေးနေရတဲ့အချိန်မှာ ညဘက်ကြီး မိုးရောလေရော ချတာ။ တော်တော်လေးကို အခက်တွေ့တယ်” ဟု ပြောသည်။

ချင်းပြည်နယ် ၊မင်းတပ်မြို့တွင်လည်း ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့်ဘာသာရေးအဆောက်အအုံအချို့အပြင် လူနေအိမ်ရာချီပျက်စီးသွားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မတ်လ ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။

တိုင်းနှင့်ပြည်နယ်အများစုတွင် မတ်လတတိယ ဆယ်ရက်ပတ်အတွင်း နေရာကွက်၍ မိုးဆက်လက်ရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း မတ်လ ၂၁၊ ၂၂ နှင့် ၂၃ ရက်နေ့များတွင် မြန်မာနိုင်ငံတောင်ပိုင်း၊မြောက်ပိုင်းနှင့် မြစ်၀ကျွန်းပေါ် ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေးထားသည်။

စာတည်း – အေးချမ်း