ရခိုင်တောင်ပိုင်းလည်း မြောက်ပိုင်းကဲ့သို့ အချိန်တိုအတွင်း AA လက်ထဲ ရောက်သွားနိုင်လား

ဓါတုရေးသားသည်။

ရခိုင်တပြည်နယ်လုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) သုံးခုရှိသည့်အနက် နှစ်ခုကို AA သိမ်းပိုက်ထားသည့်အပြင် ရခိုင်မြောက်ပိုင်းက မြို့အားလုံး နီးပါးကိုပါ AA က သိမ်းပိုက်လိုက်ချိန်တွင် ရခိုင်တောင်ပိုင်းသည်လည်း မြောက်ပိုင်းကဲ့သို့ အချိန်တိုအတွင်း AA လက်ထဲရောက်သွားမလားဆိုသည့် မေးခွန်းက အကဲခတ်များအကြား ရေပန်းစားနေသည်။

တကျော့ပြန်တိုက်ပွဲကာလ ခြောက်လတာ ကြာမြင့်လာချိန်တွင် AA ၏ ထိုးစစ်အရှိန် စစ်မြှားဦးက ရခိုင်ပြည်နယ်တောင်ပိုင်းအထိ ထိုးဖောက်ကျယ်ပြန့်လာသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဥယျာဥ် စီမံကိန်းများရှိရာ ရခိုင်တောင်ပိုင်းက AA သိမ်းပိုက်ထားသည့် ရမ်းဗြဲမြို့နှင့် မိုင် ၁၀၀ ကျော်အကွာ သံတွဲမြို့နယ်မှာ လက်ရှိတိုက်ပွဲများ ပြင်းထန်နေသည်။

ရမ်းဗြဲမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် AA က သိမ်းပိုက်ခဲ့ပြီး ရခိုင်တောင်ပိုင်းတွင် ပထမဦးဆုံး သိမ်းပိုက်နိုင်သည့်မြို့ ဖြစ်လာသည်။

သံတွဲမှာ စစ်ကောင်စီတပ်က ရိက္ခာအင်အား၊ လူအင်အားများ ထပ်ဖြည့်နေပြီး မြို့အဝင်အထွက်တွေနှင့် ကုန်းလမ်း၊ ရေလမ်းများကိုလည်း ပိတ်လိုက်ပြီဟု ဒေသခံများက ပြောသည်။

စစ်ရေးအကဲခတ်အချို့ကမှု ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီတပ်၏ တပ်မဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့အင်အားများသည် ရခိုင်မြောက်ပိုင်း၏ လေးပုံတပုံသာရှိသည်ဟု ခန့်မှန်းထားကြသည်။

တောင်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ရင်းဌာနချုပ် ကိုးခု၊ ရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းအချို့သာ ရှိသဖြင့် မြောက်ပိုင်းဒေသကဲ့သို့ ဗျူဟာကုန်းကြီးများ၊ နယ်ခြားစောင့်တပ်များ မရှိပေ။

ထိုသို့ ဗျူဟာကုန်းနှင့် တပ်စခန်းအခိုင်အမာ များများစားစား မရှိသည့် တောင်ပိုင်းဒေသသည် မြောက်ပိုင်းထက် AA ၏ထိန်းချုပ်မှုအောက်ကို အချိန်တိုအတွင်း ကျရောက်သွားနိုင်ခြေရှိကြောင်း ရခိုင်ဒေသခံ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“ULA/AA တက်သိမ်းတဲ့ နယ်စပ်ဒေသတလျှောက် ပလက်ဝက နှုံးဘူး၊ တရွန်အိုင်တို့ အမ်းက တောဟိန်းတောင်တို့လို ဗျူဟာကုန်းကြီးတွေ တောင်ပိုင်းမှာ မရှိဘူး။ သံတွဲမြို့က လဝက်အနေအထားမှာ ချက်ချင်းရသွားနိုင်တယ်။ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းလာတိုက်ရင်တောင် အဲ့ဒီဒေသကနေ AA က ဆုတ်ရိုးထုံးစံ မရှိဘူး၊ ရအောင်တိုက်တယ်”

“သံတွဲမြို့ကို AA က တောင်ကုတ်ကို ကျော်ပြီးတိုက်တာက တနည်းအားဖြင့် ဝိုင်းပတ်ပိတ်ဆို့ပြီးသား ဖြစ်တာပေါ့။ အားနည်းတဲ့နေရာ အရင်ဆုံးရှင်းလင်းတာ၊ မြောက်ပိုင်းတုန်းကလည်း အားကြီးတဲ့နေရာကို တဖြည်းဖြည်းတိုက်ပြီး ဖြတ်လေးဖြတ်ပိတ်ဆို့လိုက်ရင် ကိုယ့်ဘက်က အကျအရှူံးနည်းပြီး ပိုပြီးထိထိရောက်ရောက်နဲ့ အချိန်ဆွဲတိုက်ခဲ့တာကို အများကြီးတွေ့ရတယ်။ အဲ့ဒီလိုစစ်ရေးဗျူဟာလို့ ယူဆရတယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် အခြေစိုက်သော စကခဌာနချုပ်သုံးခုအနက် နောက်ဆုံးလက်ကျန်ဖြစ်သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၅) တည်ရှိရာ ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့တွင် တိုက်ပွဲအနည်းငယ် ရှိနေသည်။

ရခိုင်မြောက်ပိုင်း၊ ကျောက်တော်မြို့အခြေစိုက် စကခ(၉)နှင့် ဘူးသီးတောင်မြို့ အခြေစိုက် စကခ(၁၅) တို့ကို စစ်ကောင်စီအနေဖြင့် လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

အဆိုပါ တောင်ကုတ်မြို့နှင့် ၁၂၅ မိုင်ခန့်အကွာရှိ ဂွမြို့နှင့် မာန်အောင်ကျွန်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ မရှိသေးပေ။ ဂွမြို့တွင် မြို့စောင့်တပ်နှစ်ခုရှိပြီး မာန်အောင်ကျွန်းတွင် တပ်စခန်း ခိုင်ခိုင်မာမာ မရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သို့သော်လည်း ဓညဝတီရေတပ်ဌာနချုပ်တည်ရှိရာ ကျောက်ဖြူမြို့တွင် ရံဖန်ရံခါ နှစ်ဖက်ထိတွေ့တိုက်ပွဲအချို့ ရှိနေသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ (နပခ) အမ်းမြို့ကိုမှု အာရက္ခတပ်တော် (AA) က ပိတ်ဆို့တိုက်ခိုက်နေပြီး အရေးပါသည့် ဗျူဟာကုန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲနှင့် ဂွမြို့စသည့် မြို့ ခုနစ်မြို့အနက် ဂွနှင့် မာန်အောင်မြို့ကလွဲပြီး ကျန်မြို့ ငါးမြို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည့် သဘောဖြစ်သည်။

“တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ စကခ(၅) ရယ်၊ ရေတပ်ဌာနချုပ်ရယ်ပဲ ရှိတယ်။ ကျန်တဲ့မြို့တွေမှာ အခိုင်အမာ တပ်ရင်းရယ်လို့ မရှိဘူး” ဟု အမည်မဖော်လိုသော စစ်ရေသုံးသပ်သူ ရခိုင်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“တောင်ပိုင်းမှာက (AA) အခြေချထားတဲ့ နယ်မြေစိုးမိုးမှု မရှိဘူး၊ မာန်အောင်၊ သံတွဲ၊ ဂွမှာ မရှိတော့ နယ်မြေအစိမ်းသက်သက်တိုက်ရတဲ့အနေအထားဆိုတော့ နည်းနည်း ကြာတာရှိနိုင်တယ်။ မြောက်ပိုင်းလောက်မမြန်လောက်ဘူး ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲအရှိန် အားကောင်းလာသည့် သံတွဲမြို့တွင် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက် ကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းများနှင့် ပစ်ခတ်တိုက်ခိုက်နေပြီး မေလ ၁၄ ရက်နေ့ တိုက်ခိုက်မှုတွင် ဒေသခံ ၂၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း သံတွဲဒေသခံများက ပြောသည်။

“သံတွဲမှာ ခမရ(၅၆၆) ကတိုက်ခိုက်ရေးတပ်၊ ခလရ(၅၅)ကအုပ်ချုပ်ရေးပိုင်းလိုမျိုး ဟိုလူဖမ်း၊ဒီလူဖမ်းနဲ့ အဲ့ဒီလိုတပ်ဖွဲ့ဆိုတော့ အဲ့ဒီ နှစ်တပ်လုံးမှာအင်အား သိပ် မရှိဘူး။ ဧရာဝတီဘက်ကနေတောင် အင်အားလာဖြည့်ပေးရတယ်၊ ခလရ(၅၅) က အလံဖြူပြချင်နေတာလို့ကြားတယ်။ အလံဖြူပြလိုက်ရင်လည်း စစ်ကောင်စီက ဗုံးလာကြဲတာတွေရှိတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ”ဟု ၎င်းက ပြောသည်။

နယ်မြေကျွမ်းကျင်သူများက သံတွဲမြို့သည့် အာရက္ခတပ်တော် (AA) လက်ထဲကျသွားပါက ဂွမြို့နှင့် တပ်စခန်း ခိုင်ခိုင်မာမာ ရှိမနေသော မာန်အောင်မြို့တို့ကိုလည်း AA က အလွယ်တကူသိမ်းပိုက်သွားနိုင်ကြောင်း ဆိုသည်။

ပထဝီမြေပြင်အနေအထားအရ ရခိုင်တောင်ပိုင်းသည် မြောက်ပိုင်းထက် နယ်မြေ အနည်းငယ်ကျဥ်းမြောင်းပြီး ရခိုင်ရိုးမနှင့် ပင်လယ်ကြားက သီးသန့်ကမ်းသွယ် ထားသည့် ပင်လယ်စပ်နယ်မြေများ ဖြစ်သည်။

ပြည်မနှင့် ထိစပ်နေသည့် ရခိုင်ရိုးမတောင်ခြေတွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုအားနည်းသည့်အတွက် နယ်မြေအနေအထားအရဖြစ်စေ၊စစ်ရေးအရ ၏ဖြစ်စေ အာရက္ခတပ်တော် (AA)အတွက် အားသာချက်ရှိကြောင်း ဦးဖေသန်းက ဆိုသည်။

“AAအတွက် စစ်ရေးအားသာချက်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုးမဆိုတော့စစ်တပ်က သိပ်မလှုပ်ရှားနိုင်ဘူး။ တောထဲမှာဆို အာရက္ခတပ်တော်ရဲ့ပြောက်ကျားစစ်ကို စစ်ကောင်စီက မမှီဘူး။ အရင်တုန်းကလို စစ်တပ်ကပြည်သူတွေကိုပေါ်တာဆွဲ တောထဲဝင်တိုက်ခိုင်းနိုင်တဲ့ အခြေအနေမရှိဘူး။ လမ်းမကြီးတလျှောက် ကားနဲ့မသွားနိုင်တာတွေရှိတယ်။တောထဲမှာက အာရက္ခတပ်တော်က အခိုင်အမာတပ်စွဲထားနိုင်တယ်၊ ပိုပြီးအပင်ပန်းခံနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်ရိုးမတကြောလုံးနှင့် နယ်မြေချင်းထိစပ်သည့် မကွေးနှင့် မြို့အချို့ကိုလည်း AA နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်းတွင် AA ၏ ဟန်ချက်ညီသော ထိုးစစ်နှင့်အတူ စစ်ကောင်စီတပ် ထောက်ပို့ လမ်းကြောင်းများကိုလည်း ပိုင်ပိုင်နိုင်နိုင် ဟန့်တားဖြတ်တောက်နိုင်ခဲ့၍ စစ်ကောင်စီတပ်၏ ခံစစ် ဖရိုဖရဲဖြစ်ခဲ့ရခြင်းဟု စောင့်ကြည့်နေသူများက ပြောသည်။

ရခိုင်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နှင့် ချင်း- ရခိုင်နယ်စပ်က ပလက်ဝဒေသကို အာာရက္ခတပ်တော် ‌(AA) က သိမ်းပိုက်ထားသောကြောင့် ရခိုင်မြောက်ပိုင်း တခုလုံးမှာဆို မြို့တော်စစ်တွေနှင့် မောင်တောမြို့သာ သိမ်းပိုက်ရန် ကျန်တော့သည်။

ရခိုင်ဒေသတခုလုံး လွတ်မြောက်အောင် စစ်ကောင်စီတပ်စခန်းများကို တခုမကျန် သိမ်းပိုက်သွားမည်ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော် (AA) ၏ ရခိုင်တောင်ပိုင်းထိုးစစ်များမှာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေသည်ဟု စောင့်ကြည့်နေသူများက ပြောသည်။

စာတည်း။ ။ နောင်နောင်