⁨စစ်ဦးချုပ်အသစ် ၊ တပ်မဟာအသစ် နဲ့ KIA

KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ (WangHkang Aung Seng La)

အဂမ်ရေးသားသည်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်ပြီးနောက် KIO ဗဟိုအစိုးရက စစ်ဦးစီးချုပ်တာဝန်ကို ဒုတိယစစ်ဦးစီးချုပ် (၁) ဖြစ်သူ ဗိုလ်ချုပ်ဝမ်းခန့်အောင်ဆိုင်းလာ (WangHkang Aung Seng La) ကို ခန့်အပ်လိုက်သည်။

ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် KIA တပ် တခုလုံး၏ စစ်ဦးစီးချုပ်အဖြစ် တိုးမြင့် ခန့်ထားလိုက်ခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် တွင် စစ်ဦးစီးချုပ် တဦး၊ ဒုတိယစစ်ဦးစီးချုပ်(၁)တဦးနှင့် ဒုတိယစစ်ဦးစီးချုပ်(၂)အဖြစ် တဦးကို ခန့်အပ်လေ့ရှိသည်။

ထို့အတူ ဒုစစ်ဦးစီးချုပ်(၂) တာဝန်ရယူထားသည့် ဗိုလ်ချုပ် ဇောင်တောင်ကို ဒုစစ်ဦးစီးချုပ် (၁) အဖြစ် ပြောင်းလဲ ခန့်ထားလိုက်သော်လည်း ဒုစစ်ဦးစီးချုပ် (၂) ကိုမူ လက်တလော ခန့်အပ်ထားခြင်း မရှိပါ။

KIO ဗဟိုအစိုးရနဲ့နီးစပ်ပြီး ကချင်နိုင်ငံရေး သုတေသီဖြစ်သူ သတင်းရင်းမြစ်က ” ဒုစစ်ဦးစီးချုပ်(၂) ရာထူး ကို လောလောဆယ်ခန့်ထားဖို့ မရှိသေးလို့ဖြစ်မယ်။ သူတို့ရွေးထားတဲ့သူတော့ ရှိလိမ့်မယ်။ အချိန်တန်တော့ ကြေညာပါလိမ့်မယ်။ နာမည်ရှိပြီးသားတွေ ဖြစ်လာနိုင်ပါတယ်” ဟု သုံးသပ်သည်။

ထို့ပြင် KIO က ကွယ်လွန်သူ စစ်ဦးစီးချုပ်နေရာတွင် ယခုစစ်ဦးစီးချုပ်ကို လက်တလော စစ်ရေးလိုအပ်ချက်အရ ရက်ပိုင်းအတွင်း ခန့်အပ်တာဝန်ပေးအပ်ခဲ့သလို တဖြည်းဖြည်း စစ်ဘောင်နယ်ပယ်ကျယ်လာ၍ KIA တပ်မဟာအသစ် တခု ထပ် မံဖွဲ့စည်းလိုက်သည်။

စစ်ဦးချုပ်အသစ်က ဘယ်လိုလူလဲ

အလုပ်နဲ့ သက်သေပြသူ သို့မဟုတ် အလုပ်လူသားဟု စစ်ဦးစီးချုပ်ကို KIA သတင်းရင်းမြစ်များက တင်စားပြောဆိုသည်။

စစ်ဦးချုပ်အသစ်သည် ကချင်စာပေနယ်တွင် နာမည်ကျော်စာရေးဆရာတဦးဖြစ်ခဲ့သလို ကျောင်းဆရာ တဦး လည်း ဖြစ်သောကြောင့် လေ့လာနိုင်စွမ်းအား ကောင်းသူဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

တပ်ထဲတွင် အနေအေးပြီး စကားနည်းကာ အလုပ်နှင့် သက်သေပြတက်သူဖြစ်တာကြောင့် အလုပ်လူသား ဟု နာမည်ပြောင် ရရှိခဲ့ကြောင်း သိရသည်။

စစ်ဦးစီးချုပ်အသစ်သည် မန္တလေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၅ ခုနှစ် တနိုင်း – ဟူးကောင့်ချိုင့် ဝှမ်းဒေသ နမ်ဗျူ (နမ့်ခမ်) ကျေးရွာတွင် ကျောင်းဆရာတာဝန်ထမ်းဆောင်ရင်းနဲ့ ထိုနှစ်တွင်ပင် KIA ထဲသို့ ကိုယ်တိုင်သဘောဆန္ဒအလျောက် ဝင်ရောက်ခဲ့သူဖြစ်သည်။

စစ်ရေးပိုင်းဆိုင်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး ကာရာတေးပညာရပ်ကို ကျွမ်းကျင်သူဖြစ်ကြောင်းသိရသည်။

ကချင်စာပေနယ်ပယ်တွင် (Palastik La Aung) အမည်ရှိ ကလောင်အမည်ဖြင့် လည်ကောင်း၊ ဝမ်းခန့်အောင်( Wang Hkang Aung) ကလောင်အမည်ဖြင့် သော်လည်ကောင်း ကချင်မျိုးနွယ်ဆိုင်ရာ သမိုင်းစာပေများကို ရေးသားခဲ့ပြီး လက်ရှိတွင်လည်း ရေးသားနေဆဲဖြစ်သည်။

“ကျောင်းဆရာဘက်က လာတဲ့သူ မို့လို့လာမသိဘူး ခွဲခြားဆက်ဆံ မျက်ကွယ်ပြုတာတွေလည်းမရှိဘူး။ နောက်ပြီး သူက စာရေးတက်တဲ့ အခံရှိတာ အားလုံးအသိပဲလေနော့်။ အဲ့တော့ လူမျိုး၊ နိုင်ငံ မျိုးချစ်စိတ်လား ပြောစရာမလိုဘူးလေနော့် ” ဟု ဒုဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ နဲ့ နီးစပ်သူ သတင်းရင်းမြစ်က ဆိုသည်။

စစ်ဦးစီးချုပ်သည် ၂၀၁၅ ခုနှစ်ခန့်က စတင်ကာ ဒုစစ်ဦးစီးချုပ် (၁) တာဝန်ကို ထမ်းဆောင်လာခဲ့ပြီးနောက် ၁၀ နှစ်ခန့်အကြာတွင် စစ်ဦးစီးချုပ် ဖြစ်လာခဲ့သည်။

KIO ဗဟိုအတွင်းရေးမှူး ဗိုလ်မှူး ဇောင်းဘုတ်ထန်း၏ ကိုယ်ရေးအရာရှိ( PSO ) လုပ်ခဲ့ဖူးသလို ကချင်တိုင်းရင်းသား စုပေါင်းပါတီကြီးဖြစ်သော ကချင် ပြည် နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ (KIO ဥက္ကဋ္ဌဟောင်း) တို့ကို မြန်မာ့ ပါတီနိုင်ငံရေးလုပ်ရန် KIO ဗဟိုက ထွက်ခွင့်ပြုလိုက်သည့် စာရင်းတွင်လည်း ၎င်းပါဝင်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် KIO အစိုးရကြားက ၁၇ နှစ်တာ ငြိမ်းချမ်းရေး ကျိုးပျက်သွားပြီး ကချင်ဒေသတွင်း ၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာချိန် KIO ဗဟိုက ၎င်းအားအကြောင်းကြောင်းကြောင့် ပြန လည်ခေါ်ဆိုခဲ့ပြီးနောက် စစ်ထောက်လှန်းရေးချုပ် ၊ တာဝန်ခံ ရာထူးမှ ဒုတိယ စစ်ဦးစီးချုပ် ၊ ထိုမှတဆင့် ယခုအခါ စစ်ဦးစီးချုပ် ဖြစ်လာခြင်းဖြစ်သည်။

KIO က ကွယ်လွန်သူ စစ်ဦးစီးချုပ်နေရာတွင် ယခုစစ်ဦးစီးချုပ်ကို လက်တလော စစ်ရေးလိုအပ်ချက်အရ ရက်ပိုင်းအတွင်း ခန့်အပ်တာဝန်ပေးအပ်ခဲ့သလို တဖြည်းဖြည်း စစ်ဘောင်နယ်ပယ်ကျယ်လာ၍ KIA လက်နက်ကိုင် တပ်မဟာအသစ် တခု ထပ် မံဖွဲ့စည်းလိုက်သည်။

အသစ်တိုးလာတဲ့ တပ်မဟာ (၁၁)

ကချင်နှင့် ရှမ်း အစပ် ရွှေလီမြစ်ဝှမ်း (N- mau Hka) တကြော ဒေသထဲတွင် KIA ဘက်မှ သိမ်းပိုက်ထားပြီဖြစ်သော နေရာများကို KIA တပ်မဟာ (၁၁) နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း KIA စစ်ရေးရုံး အချက်အလက်အရ သိရသည်။

KIA အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အုပ်ချုပ်ရေးနယ်မြေဖြစ်သည့် တပ်မဟာ (၃) လက်အောက်ရှိ တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) နေရာများကို KIA တပ်မဟာ (၁၁) နေရာအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ် မှူးကြီးနော်ဘူက အတည်ပြုထားပေးသည်။

ရွှေလီမြစ်ဝှမ်းတလျှောက် KIA သိမ်းပိုက်ရရှိထားပြီဖြစ်သည့် မန်ဝန်းကြီး၊ မဘိမ်းနှင့် စစ်ကိုင်းနဲ့ နယ်နမိတ် ချင်းထိစပ်နေသော ရွှေကူဒေသများသည် အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် တပ်မဟာ (၁၁) ဒေသများထဲ ပါဝင်သည်။ ထပ်မံအသစ်တိုးချဲ့လိုက်သည့် KIA တပ်မဟာ (၁၁)သည် မန်ဝန်းကြီးဒေသကို အဓိကဗဟိုပြုမည်ဖြစ်သည်။

KIA ၏ အုပ်ချုပ်ရေးနယ်မြေများက ယခင်ကထက် ပိုပြီးကျယ်ပြန့်လာ၍ တိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

“ မူလအုပ်ချုပ်ရေးဒေသဖြစ်တဲ့ အရှေ့တိုင်းစစ် ဌာနချုပ်ကနေပဲ အုပ်ချုပ်တာ သိပ်ပြီးလက်လှမ်းမမှီလာတော့ဘူး။ အဓိကတော့ အုပ်ချုပ်ရေးယန္တရားတွေကို ထပ်မံတိုးချဲ့တဲ့သဘောပါပဲ” ဟု ဆိုသည်။

ယခင်က KIA တပ်မဟာ ( ၃ ) နယ်မြေထဲတွင် တည်ရှိပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဗန်းမော်ဘက်ကို အာရုံစိုက်နေသော KIO ဗဟိုက စစ်ရေးအရ တပ်မဟာ ( ၃ ) ဒေသမှ တပ်မဟာသစ်နယ်မြေ တခုအဖြစ် ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။

ဒီလို ခွဲထုတ်ထပ်တိုးဖွဲ့စည်းလိုက်ခြင်းဖြင့် တပ်မဟာသစ်သည် ရှမ်း-မြောက် တခွင်စစ်ရေးလှုပ်ရှားနေသော KIA တပ်မဟာ သုံးခုနှင့် ကချင်ဒေသတွင်းရှိ ကျန်တပ်မဟာများ ဆက်သွယ်ရာတွင် အရေးပါလာမည်ဖြစ်သည်။

KIA က ၂၀၂၄ နှစ်ဆန်းပိုင်းထဲ ကတည်းက သိမ်းပိုက်ရရှိပြီးဖြစ်သည့် မံစီမြို့နယ်ထဲက မဂျီဂုန် (MajiGun g)၊ မန်ဝန်းကြီး(Man Win Gyi)၊ ကိုင်ထိပ်(Kai Htik)၊ မိုင်းခေါင် (Mung Hkawng)နဲ့ ရှမ်းမြောက်မှ မဘိမ်း စသည့် ဒေသများက တပ်မဟာအသစ်ရဲ့ နယ်မြေထဲ အရေးပါတဲ့ တပ်စခန်းကြီးများ ဖြစ်သည်။

တပ်မဟာအသစ်နဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေး

တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ရှိနေသည့် မန်ဝိန်းကြီးဒေသက စီးပွါးရေးအရ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးမှာ အလွန်အရေးပါသော ဒေသဖြစ်နေသည်။

မြန်မာဘက်မှ သစ်၊ ကျောက်စိမ်း၊ သံသတ္ထုကုန်ကြမ်း အစရှိသည်က အစ အမျိုးမျိုးသော ထွက်ကုန်များကို တရုတ်ပြည်ထဲသို့ ကားကြီး၊ကားငယ် အစီအရီ တင်သွင်းကူးလူသွားလာနေကြသည့် ဂိတ်ဖြစ်သည်။

ထိုကုန်စည်များက မြန်မာနိုင်ငံဘက်ခြမ်းတွင် တရားမဝင် မှောင်ခိုဖြစ်စေ​သော်လည်း တရုတ်နိုင်ငံဘက်ခြမ်းသို့ ရောက်ရှိလျှင် တရားဝင်သွားသော နယ်စပ်ကုန်ပစ္စည်းများပင် ဖြစ်နေသည်။

ထို့ကြောင့် ယခု KIO ဗဟိုက အသစ်ထပ်တိုးဖွဲ့ စည်းလိုက်သည့် KIA တပ်မဟာ (၁၁) သည် နယ်စပ်ကုန်သွယ်ရေးအပြင် ပွတ်တိုက်မှုဖြစ်ပွားလာသော တိုင်းရင်းသားဒေသ လူမျိုးအချင်းချင်း၏ ပဋိပက္ခများအတွက်ပါ အလွန်အရေးပါသည့်ဒေသဖြစ်ကြောင်း KIO အစိုးရ နှင့်နီးစပ်ပြီး ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းရင်းမြစ်က သုံးသပ်ပြောပြသည်။

“ဗကပခေတ်က ရွှေလီချိုင့်ဝှမ်း ဒေသကို အဓိကထားတဲ့ သဘောပါ။ တပ်မဟာ (၃) နဲ့ ( ၄ ) ကြား နေရာပေါ့။ ကချင်နဲ့ရှမ်းမြောက်ကို ခွထိုင်မယ့်သဘောလို့ ယူဆပါတယ်။ ဘာကြောင့်ဆိုတော့ နမ့်ခမ်းကို ပလောင်တွေသိမ်းလိုက်တော့ ကချင်နဲ့ ပြည်နယ်ခွဲတွေကို ဖြတ်ပိတ်လိုက်သလိုဖြစ်သွားတယ်လေ။ နောက်ပြီး အဲ့နားတခွင်ကိုလည်း KIA က ရှင်းသင့်သလောက် ရှင်းထားပြီး နယ်မြေစိုးမိုးထားပြီးပြီဆိုတော့ကာ ဆက်စပ်ကြည့်လိုက်ရင် မြင်လာပါလိမ့်မယ်။”

KIA တပ်မဟာ (၁၁) က လက်ရှိအချိန်တွင် ထပ်တိုးဖွဲ့စည်းထားပြီဖြစ်သော်လည်း တပ်ရင်းတပ်ဖွဲ့များရဲ့ ဘက်တံဆိပ်များကို ထုတ်ပြန်ခြင်းမရှိသေးသလို၊ တပ်ရင်း တပ်ဖွဲ့ မည်မျှထားရှိမည်ကိုလည်း မသိရှိရသေးပါ။

ဧရာဝတီမြစ်မြစ်အရှေ့ဘက်ကမ်းဒေသ KIA ၏ တပ်မဟာဌာနချုပ်ဖြစ်သော အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် (လိုင်ဇာဌာနချုပ်ဗဟိုပြု) နှင့် ရှမ်းမြောက်ဒေသစစ်ဌာနချုပ်ဖြစ်သည့် တောင်ပိုင်တိုင်းစစ်ဌာန ချုပ်အောက်ရှိ တပ်မဟာများအောက်တွင် တပ်ရင်း အနည်းဆုံး သုံးရင်းမှ တပ်ရင်း ငါးရင်းအထိ ဖွဲ့စည်း ထားသောကြောင့် တပ်မဟာအသစ်တွင်လည်း တပ် ရင်း သုံးရင်းထက်မနည်း ဖွဲ့စည်းနိုင်မယ်လို့ လက်ရှိတာဝန်ထမ်းဆောင်နေကြသော KIA တပ်မဟာမှူးများက ခိုင်ခိုင်မာမာ သုံးသပ်ပြထားသည်။⁩

စာတည်း။ ။အောင်ကျော်ဖြိုး